ရခိုင်ပြည်နယ်ဝန်ကြီးချုပ် ဦးထိန်လင်း စစ်တွေမြို့ပေါ်ရှိ ပရိယတ္တိစာသင်တိုက်များသို့ ပိဋကသုံးပုံစာအုပ်များ သွားရောက်လှူဒါန်း

စစ်တွေ ဇွန် ၈

ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်၊ ဒက္ခိဏသီရိမြို့နယ်၊ မာရဝိဇယဗုဒ္ဓဥယျာဉ်တော်အတွင်းရှိ မာရဝိဇယဗုဒ္ဓရုပ်ပွားတော်မြတ်ကြီး၏ ဦးဆောင်ဘုရားဒါယကာ နိုင်ငံတော်အကြီးအကဲက လှူဒါန်း သည့် ဆဋ္ဌသံဂါယနာမူပိဋကသုံးပုံပါဠိတော် ကျမ်းစာအုပ်များကို ရခိုင်ပြည်နယ်အတွင်းရှိ ပရိယတ္တိစာသင်တိုက်များသို့ လှူဒါန်းလျက်ရှိရာ ယနေ့နံနက်ပိုင်းက ရခိုင်ပြည်နယ်ဝန်ကြီးချုပ် ဦးထိန်လင်းနှင့် အစိုးရအဖွဲ့ဝင်များက စစ်တွေမြို့ပေါ်ရှိ ပရိယတ္တိစာသင်တိုက်များသို့သွားရောက် လှူဒါန်းကြသည်။

ဦးစွာပြည်နယ်ဝန်ကြီးချုပ်နှင့်အဖွဲ့သည် စစ်တွေမြို့၊ နန္ဒာရာမပရိယတ္တိစာသင်တိုက်သို့ သွားရောက်ပြီး စာသင်တိုက်ပဓာနနာယက၊ ပြည်နယ်ဩဝါဒါစရိယ၊ အဘိဓဇမဟာ ရဋ္ဌဂုရု ဘဒ္ဒန္တနန္ဒသိရီ မဟာထေရ်မြတ်အား ဖူးမြော်ကာ ပိဋကသုံးပုံပါဠိတော် ကျမ်းစာအုပ်များနှင့် လှူဖွယ်ဝတ္ထုများဆက်ကပ်လှူဒါန်း၍ ဆရာတော်ကြီး ထံမှ ဩဝါဒခံယူကြသည်။

ထို့နောက် ပြည်နယ်ဝန်ကြီးချုပ်နှင့်အဖွဲ့သည် စစ်တွေမြို့၊ ဒက္ခိဏာရာမပရိယတ္တိစာသင်တိုက်သို့ သွားရောက်ပြီး စာသင်တိုက်ပဓာနနာယက၊ မြို့နယ်သံဃနာယကအဖွဲ့ တွဲဖက်အကျိုးတော်ဆောင်၊ မဟာဂန္ထဝါစကပဏ္ဍိတ ဘဒ္ဒန္တမေဃိယအား ဖူးမြော်ကာ ပိဋကသုံးပုံပါဠိတော် ကျမ်းစာအုပ်များနှင့် လှူဖွယ်ဝတ္ထုများ ဆက်ကပ်လှူဒါန်းကြသည်။

ဆက်လက်၍ ဆရာတော်ထံမှ ပိဋကသုံးပုံပါဠိတော်ကျမ်းစာအုပ်များ လှူဒါန်းရခြင်း၏အကျိုး တရားများကို နာကြားကြပြီး လှူဒါန်းမှုအစုစုအတွက် ရေစက်သွန်းလောင်းအမျှပေးဝေခဲ့ကြကြောင်း သတင်းရရှိသည်။

မာရဝိဇယဗုဒ္ဓရုပ်ပွားတော်မြတ်ကြီး၏ဦးဆောင်ဘုရားဒါယကာ နိုင်ငံတော်အကြီးအကဲက လှူဒါန်းသော ဆဋ္ဌသံဂါယနာမူ ပိဋကသုံးပုံပါဠိတော် ကျမ်းစာအုပ်များ (မြန်မာ၊ ရိုမန်) အက္ခရာနှစ်မျိုးဖြင့်ပြုစုထားရာ အဆိုပါကျမ်းစာအုပ်များအား ရခိုင်ပြည်နယ်အတွင်း မြို့နယ်အသီးသီးရှိ ပရိယတ္တိစာသင်တိုက်(၁၉)တိုက်သို့ ဆက်ကပ်လှူဒါန်းခဲ့ကြောင်း သိရသည်။

တင်ထွန်း(ပြန်/ဆက်)