မွန်ပြည်နယ်ဝန်ကြီးချုပ် ဦးအောင်ကြည်သိန်း ကျောင်းအကျိုးပြု စုပေါင်းသန့်ရှင်းရေး ဆောင်ရွက်နေမှု ကြည့်ရှုအားပေး

မော်လမြိုင် ဇွန် ၈

မွန်ပြည်နယ်အတွင်း သန့်ရှင်း၍ စိမ်းလန်းစိုပြေသော အခြေခံပညာစာသင်ကျောင်းများအား ဖော်ဆောင်ပြီး ကျောင်းသူ၊ ကျောင်းသားများ စိတ်အေးချမ်းမြေ့စွာ ပညာသင်ကြားနိုင်ရေး အတွက် အလေးထားဆောင်ရွက်လျက်ရှိရာ မွန်ပြည်နယ် ဝန်ကြီးချုပ် ဦးအောင်ကြည်သိန်း၊  ပြည်နယ်အစိုးရအဖွဲ့ဝင် ဝန်ကြီးများသည် ယနေ့ နံနက်ပိုင်းက မော်လမြိုင်မြို့၊ အမှတ်(၁၂) အခြေခံပညာအထက်တန်းကျောင်း၌ ကျောင်းဝင်းအတွင်း၊ ဘေးပတ်ဝန်းကျင်ရှိ ချုံနွယ်များ၊ မြက်များနှင့် အမှိုက်များအား ဌာနဆိုင်ရာများ၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့၊ မီးသတ်တပ်ဖွဲ့ဝင်များ၊ လူမှုရေးအသင်းအဖွဲ့များ၊ ရပ်ကွက်နေပြည်သူများက စာသင်ကျောင်း စိမ်းလန်းစိုပြေရေးနှင့် သန့်ရှင်းသာယာလှပရေးအတွက် ကျောင်းအကျိုးပြု စုပေါင်းသန့်ရှင်းရေး ဝိုင်းဝန်း ဆောင်ရွက်နေ မှုနှင့် မြေထိန်းနံရံကာရံပြီးစီးမှု အခြေအနေများကိုလှည့်လည်ကြည့်ရှုစစ်ဆေးခဲ့သည်။   

ထို့နောက် ပြည်နယ်ဝန်ကြီးချုပ်က စာသင်ကျောင်းများ ကျောင်းအင်္ဂါရပ်နှင့် ကိုက်ညီမှုရှိစေရေးနှင့် ဥပတိရုပ်ကောင်းမွန်စေရေး အလေးထားဆောင်ရွက်ပေးကြရန်၊ ကျောင်း စိမ်းလန်းစိုပြည် ရေးနှင့် သန့်ရှင်းသာယာမှုရှိစေရေး ဆောင်ရွက်ရန်၊ ကျောင်းအကျိုးပြုလုပ်ငန်းများကို ဝိုင်းဝန်း ဆောင်ရွက်ပေးကြရန် လမ်းညွှန်မှာကြားကာ တာဝန်ရှိများနှင့် တွေ့ဆုံ၍ လိုအပ်သည်များကို ဖြည့်ဆည်းဆောင်ရွက်ပေးခဲ့သည်။   

မွန်ပြည်နယ်အတွင်း မြို့နယ်အသီးသီးရှိ အခြေခံပညာစာသင်ကျောင်းများတွင် ကျောင်းသန့်ရှင်း သာယာလှပစေရေးအတွက် ကျောင်းအကျိုးပြု စုပေါင်းသန့်ရှင်းရေးကို အပတ်စဉ်ပုံမှန် ဆောင်ရွက်လျက်ရှိသည်။ 

စည်သူ(ပြန်/ဆက်)