မော်လမြိုင် ဇွန် ၈
မွန်ပြည်နယ်၊ မော်လမြိုင်မြို့တွင် မိုးဦးကျရာသီရောက်ရှိလာပြီးဖြစ်၍ သွေးလွန်တုပ်ကွေးရောဂါ ကြိုတင်ကာကွယ်ရေးအတွက် ကျန်းမာရေးဦးစီးဝန်ထမ်းများ ဦးဆောင်၍ ဖုံး၊ သွန်၊ လဲ၊ စစ် လုပ်ငန်းများနှင့် Abate ဆေးခတ်ပေးခြင်းလုပ်ငန်းများကို ဆောင်ရွက်လျက်ရှိရာ ပြည်နယ်ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများသည် ယနေ့ နံနက်ပိုင်းက မြိုင်သာယာရပ်ကွက်ရှိ နေအိမ်များတွင် သွေးလွန်တုပ်ကွေးရောဂါ ကြိုတင်ကာကွယ်ရေးလုပ်ငန်းများ ဆောင်ရွက်နေမှုအပေါ် ကြည့်ရှုအားပေးခဲ့သည်။
ထို့နောက် ပြည်နယ်ဝန်ကြီးချုပ်က သွေးလွန်တုပ်ကွေးရောဂါကာကွယ်ရေး လုပ်ငန်းများကို ပြည်သူလူထုပူပေါင်းပါဝင် ဆောင်ရွက်စေရေး၊ သွေးလွန်တုပ်ကွေးရောဂါကာကွယ်ရေး လုပ်ငန်း များကို အခြေခံပညာစာသင်ကျောင်းများပါမကျန် ရပ်ကွက်ကျေးရွာများအထိ ဆောင်ရွက်ပေးကြရန်နှင့် ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းများကိုလည်း ဝိုင်းဝန်းကူညီဆောင်ရွက်ပေးကြရန်ဖြင့် မှာကြားကာ လိုအပ်သည်များကို ဖြည့်ဆည်းဆောင်ရွက်ပေးခဲ့သည်။
မွန်ပြည်နယ်တွင် ရပ်ကွက်၊ ကျေးရွာများအတွင်းရှိ စာသင်ကျောင်းများ အပါအဝင် နေအိမ်များရှိခြင်များ၊ ပိုးလောက်လမ်းများ ပေါက်ဖွားနိုင်သည့် ရေလှောင်ကန်များ၊ ရေစည်များ၊ ရေအိုးများ၊ ဘုရားပန်းအိုးများကို လိုက်လံစစ်ဆေးခဲ့ပြီး ပိုးလောက်လမ်းမရှိစေရေး (Abate) ဆေးများခတ်ခြင်း၊ ဖုံး၊ သွန်၊ လဲ၊ စစ် လုပ်ငန်များအား ကျန်းမာရေးဝန်ထမ်းများနှင့် လူမှုရေးအဖွဲ့အစည်းများ ရပ်ကွက်၊ ကျေးရွာနေအများ ပြည်သူများပူးပေါင်းကာ သွေးလွန်တုပ်ကွေးရောဂါ ကြိုတင်ကာကွယ်ရေး လုပ်ငန်းများဆောင်ရွက်လျက်ရှိသည်။
ဆက်လက်၍ ပြည်နယ်ဝန်ကြီးချုပ်သည် မော်လမြိုင်မြို့၊ မြိုင်သာယာရပ်ကွက် လမ်းတလျှောက် တွင် ရေစီးရေလာကောင်းမွန်ရေးအတွက် ရေနုတ်မြောင်းများပြန်လည်တူးဖော်ရေး၊ မြို့တွင်း လမ်းများအပြင်၊ ကျေးလက်နှင့် မြို့ပြလမ်းများပါ ပျက်စီးယိုယွင်းမှုကို ထိန်းသိမ်းပြုပြင် ဆောင်ရွက်ပေးကြရန်ဖြင့် မှာကြားပြီး ပြည်နယ်ဝန်ကြီးချုပ်က မော်လမြိုင်မြို့အတွင်း ရေစီးရေလာကောင်းမွန်ရေး၊ လမ်များ စနစ်တကျပြုပြင် ဆောင်ရွက်နေကြမှုအပေါ် ကြည့်ရှုစစ်ဆေးခဲ့ကြောင်း သိရသည်။
စည်သူ(ပြန်/ဆက်)