ပြည်ကြီးတံခွန်မြို့နယ်တွင် မိုးရာသီစုပေါင်းသစ်ပင်စိုက်ပျိုးပွဲကျင်းပ

ပြည်ကြီးတံခွန် ဇွန် ၈

မန္တလေးတိုင်းဒေသကြီး၊ မဟာအောင်မြေခရိုင်၊ ပြည်ကြီးတံခွန်မြို့နယ်တွင် သစ်တောသစ်ပင်များ ချစ်မြတ်နိုးလာတတ်စေရန်နှင့် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းကာကွယ်ရန် ရည်ရွယ်၍ တိုင်းဒေသကြီးအစိုးရအဖွဲ့က ကြီးမှူးကျင်းပသည့် ၂၀၂၄ ခုနှစ်၊ မိုးရာသီစုပေါင်းသစ်ပင်စိုက်ပျိုးပွဲကို ယမန်နေ့နံနက် ၈ နာရီက အဆိုပါမြို့နယ်ရှိ လောကမဏိစူဠာဘုရားဝင်းအတွင်း၌ ကျင်းပသည်။

မိုးရာသီစုပေါင်းသစ်ပင်စိုက်ပျိုးပွဲသို့ တိုင်းဒေသကြီးအစိုးရအဖွဲ့ဝန်ကြီးချုပ် ဦးမျိုးအောင်နှင့်အစိုးရအဖွဲ့ဝင်များ၊ တိုင်းဒေသကြီးအဆင့်ဌာနဆိုင်ရာများ၊ ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးတင်ဝင်းရွှေနှင့်အဖွဲ့ဝင်များ၊ ခရိုင်အဆင့်ဌာနဆိုင်ရာများ၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးသန်းနိုင်နှင့်အဖွဲ့ဝင်များ၊ မြို့နယ်အဆင့်ဌာနဆိုင်ရာများ၊ မြို့နယ်သစ်တောဦးစီးဌာနမှ ဝန်ထမ်းများ၊ မြို့နယ်အမျိုးသမီးရေးရာအဖွဲ့ဝင်များနှင့် မိခင်နှင့်ကလေးစောင့်ရှောက်ရေး အသင်းဝင်များ၊ ဆရာ/ဆရာမများ၊ ကျောင်းသား/ကျောင်းသူများ၊ ဒေသခံပြည်သူများ တက်ရောက်ကြပြီး တိုင်းဒေသကြီးဝန်ကြီးချုပ်က မဟောဂနီပင်ကို စိုက်ပျိုးပေးသည်။

အဆိုပါမိုးရာသီသစ်ပင်စိုက်ပျိုးပွဲတွင် နှစ်ရှည်ပင်များဖြစ်သည့် ပိတောက်(၁၀၇)ပင်၊ တပေဘူတ (၈၆)ပင်၊ မယ်ဇယ်(မဉ္ဇူသက)(၉၂)ပင်၊ တမာ(၈၆)ပင်၊ သင်္ဘောတည်(၈၃)ပင်၊ ယင်းမာ(၂၀)ပင်၊ စိန်ပန်းချီ(၄၄)ပင်၊ မန်းကျည်း(၁၂၄)ပင်၊ ကံ့ကော်(၅)ပင်၊ ခရေ(၅)ပင်၊ လင်းလွန်း(၂)ပင်၊ မဟောဂနီ(၂)ပင် စုစုပေါင်း ပျိုးပင်(၆၅၆)ပင်အား တက်ရောက်လာကြသူများက လောကမဏိစူဠာဘုရားဝင်းအတွင်း၌ စုပေါင်းစိုက်ပျိုးခဲ့ကြကြောင်း မြို့နယ်သစ်တောဦးစီးဌာန၊ ဦးစီးအရာရှိဦးနေယုထံမှ သိရသည်။

ခရိုင်(ပြန်/ဆက်)