နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဦးသန်းထွန်းဦး နေပြည်တော်တိုင်းရင်းဆေးရုံကြီး ကွင်းဆင်း ဆေးကုသရေးအဖွဲ့မှ ဆေးကုသနေမှုအား လာရောက်ကြည့်ရှုအားပေး

ဇေယျာသီရိ ဇွန် ၈

နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဦးသန်းထွန်းဦး နေပြည်တော်တိုင်းရင်းဆေးရုံကြီး ကွင်းဆင်းဆေးကုသရေးအဖွဲ့မှ ဇေယျာသီရိမြို့နယ်၊ သစ်တပ်ကျေးရွာအုပ်စု၊ ရှားစေးဖိုကျေးရွာ ဘက်စုံသုံး ခန်းမ၌ ကွင်းဆင်းဆေးကုသနေမှုအား ယနေ့နံနက်ပိုင်းက လာရောက်ကြည့်ရှုအားပေးခဲ့ကြောင်း သိရသည်။

လာရောက်ကြည့်ရှုအားပေးရာတွင် နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဦးသန်းထွန်းဦး၊ နေပြည်တော် ကောင်စီအဖွဲ့ဝင်များဖြစ်သည့် ဗိုလ်မှူးကြီး ရဲမိုး၊ ဦးမြင့်စိုး၊ ဦးမင်းဦး၊ ဦးဟန်သူနှင့် တာဝန်ရှိသူ များလိုက်ပါ၍ လာရောက်ကြည့်ရှုအားပေးခဲ့ရာ တိုင်းရင်းဆေးပညာဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ် ဒေါက်တာစုစုဒွေးနှင့် နေပြည်တော် တိုင်းရင်းဆေးရုံအုပ်ကြီး ဒေါ်မူမူချိုတို့က တိုင်းရင်းဆေး ပညာဖြင့် သစ်တပ်ကျေးရွာအုပ်စုအတွင်းမှ ဒေသခံပြည်သူများ သွေးတိုး၊ ဆီးချို၊ ဒူးနာ၊ ခါးနာ၊ အာရုံကြောရောဂါများ၊ အဆစ်ရောင်၊ လေးဘက်နာ၊ ခေါင်းမူး၊ ခေါင်းကိုက်၊ အကြောတက်၊ ကိုက်ခဲ၊ လေးဖြတ်၊ လေးငန်းရောဂါ၊ ထုံနာကျင်နာရောဂါများ ကုသပေးနေသည့် အခြေအနေ များအား လိုက်လံရှင်းလင်းပြသခဲ့သည်။ ယင်းနောက် နေပြည်တော်ကောင်စီ ဥက္ကဋ္ဌနှင့် တာဝန်ရှိသူများက လာရောက်ဆေးကုသသည့် ဒေသခံပြည်သူများအား တိုင်းရင်းဆေးဝါးများ ပေးအပ်ခဲ့ကြောင်း သိရသည်။

သူရအောင်(ပြန်/ဆက်)