လားရှိုး ဇွန် ၈
သာသနာရေးဦးစီးဌာနက ကြီးမှူးကျင်းပသော (၃၁)ကြိမ်မြောက် နိကာယ်စာမေးပွဲကို ယမန်နေ့ မွန့်တည့် (၁၂)နာရီက ရှမ်းပြည်နယ်(မြောက်ပိုင်း) လားရှိုးစာဖြေဌာနဖြစ်သည့် ပန်အုပ်ပရိယတ္တိစာသင်တိုက်တွင် ကျင်းပခဲ့သည်။
အဆိုပါ စာမေးပွဲကို မြို့နယ်သံဃနာယကအဖွဲ့ဥက္ကဋ္ဌ ဒေါက်တာဘဒ္ဒန္တပုညနန္ဒ၊ နိကာယ်စာမေးပွဲ ကြီးကြပ်ရေးဥက္ကဋ္ဌ ဆရာတော် ဘဒ္ဒန္တဇိနောရသာလင်္ကာရ (အဂ္ဂမဟာပဏ္ဍိတ) တို့က ကြီးကြပ် ဆောင်ရွက်ခဲ့ပြီး ပြည်နယ်အစိုးရအုပ်ချုပ်ရေးအဖွဲ့ခွဲ (ရှမ်းမြောက်) ဥက္ကဋ္ဌ ဦးမြင့်သန်းဝင်း၊ ပြည်နယ်ခွဲ သာသနာရေးမှူး ဦးနိုင်မောင်မောင်စိုးတို့က စာဖြေသံဃာနှင့် သီလရှင်များအတွက် လိုအပ်သည်များ ကူညီဖြည့်ဆည်းဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။
ရှမ်းပြည်နယ် (မြောက်ပိုင်း)၊ လားရှိုးစာဖြေဌာနတွင် ရှမ်းပြည်နယ်(မြောက်ပိုင်း) အတွင်းရှိ မြို့နယ် အသီးသီးမှ စာဖြေသံဃာနှင့် သီလရှင် စုစုပေါင်း ၂၁၀ ပါး ဖြေဆိုခဲ့ကြကြောင်း သိရသည်။
စိုင်းထွန်း (လားရှိုး)