နေပြည်တော် ဇွန် ၈
ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်အတွင်းရှိ ဆည်/ရေလှောင်တမံများ၏ ရေဝေရေလဲဧရိယာများအတွင်း သစ်တောဖုံးလွှမ်းမှု ပိုမိုအားကောင်းလာစေရန်၊ ဆည်/ရေလှောင်တမံများ ရေရှည်တည်တံ့စေရန်နှင့် ရေဝေရေလဲဧရိယာများအား ထိန်းသိမ်းရေးလုပ်ငန်း ဆောင်ရွက်နေမှုကို ဒေသခံပြည်သူများ သိရှိစေပြီး ပူးပေါင်းပါဝင်ဆောင်ရွက်စေရန် ရည်ရွယ်၍ ယနေ့နံနက်ပိုင်းတွင် ဥတ္တရသီရိမြို့နယ်ရှိ တောင်ညိုကြိုးဝိုင်း၊ အကွက်အမှတ်(၆၀)၊ ချောင်းမကြီးဆည်၊ ရေဝေရေလဲဧရိယာအတွင်း၌ ၂၀၂၄ ခုနှစ်၊ မိုးရာသီသစ်ပင် စိုက်ပျိုးပွဲ အခမ်းအနားကို ကျင်းပရာ နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဦးသန်းထွန်းဦး၊ နေပြည်တော်ကောင်စီအဖွဲ့ဝင်များ၊ နေပြည်တော် စည်ပင်သာယာရေးကော်မတီ ဒုတိယမြို့တော်ဝန်၊ အမြဲတမ်းအတွင်းဝန်၊ ဌာနကြီးမှူးများနှင့် နေပြည်တော် အဆင့်၊ ခရိုင်အဆင့်၊ မြို့နယ်အဆင့်ဌာနဆိုင်ရာ ဝန်ထမ်းများ၊ ဆရာ၊ ဆရာမများနှင့် ကျောင်းသား၊ ကျောင်းသူများ၊ လူမှုရေး အသင်းအဖွဲ့များနှင့် မြို့မိမြို့ဖများ၊ ရပ်ကွက်/ကျေးရွာများမှ ပြည်သူများ တက်ရောက်ခဲ့ကြသည်။
ရှေးဦးစွာ နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဦးသန်းထွန်းဦးက ၂၀၂၄ ခုနှစ်၊ မိုးရာသီသစ်ပင်စိုက်ပျိုးပွဲ အခမ်းအနားကို သစ်တောသယံဇာတများ ရေရှည်တည်တံ့စေရေး၊ သစ်တောဖုံးလွှမ်းမှု ကောင်းမွန်စေရေး၊ ဂေဟစနစ်ထိန်းသိမ်းနိုင်ရေး၊ ရေဝေရေလဲဧရိယာများမှာ သစ်တောဖုံးလွှမ်းပြီး ရေစီးရေလာကောင်းမွန်စေရေးနှင့် သစ်တောထိန်းသိမ်းရေးလုပ်ငန်းများတွင် ပြည်သူများ တက်ကြွစွာ ပူးပေါင်းပါဝင်လာစေရေး တိုက်တွန်းနှိုးဆော်ရန်ရည်ရွယ်ပြီး သစ်ပင်စိုက်ပွဲတော်ကို ကျင်းရခြင်း ဖြစ်ကြောင်း၊ ကုလသမဂ္ဂစားနပ်ရိက္ခာနှင့် စိုက်ပျိုးရေးအဖွဲ့၏ သစ်တောသယံဇာတ ဆန်းစစ်လေ့လာခြင်း အစီရင်ခံစာအရ ၂၀၀၀ ပြည့်နှစ်မှာ နိုင်ငံဧရိယာရဲ့ ၅၂ ဒသမ ၂၈ ရာခိုင်နှုန်း၊ ၂၀၁၀ ပြည့်နှစ်မှာ နိုင်ငံဧရိယာရဲ့ ၄၆ ဒသမ ၉၆ ရာခိုင်နှုန်း၊ ၂၀၁၅ ခုနှစ်မှာ နိုင်ငံဧရိယာရဲ့ ၄၂ ဒသမ ၉၂ ရာခိုင်နှုန်းနှင့် ၂၀၂၀ ပြည့်နှစ်မှာ နိုင်ငံဧရိယာရဲ့ ၄၂ ဒသမ ၁၉ ရာခိုင်နှုန်း တွေ့ရှိရကြောင်း၊ ကမ္ဘာ့စားနပ်ရိက္ခာနှင့် စိုက်ပျိုးရေးအဖွဲ့အစည်းအဝေး FAO ၏ (၅)နှစ် တစ်ကြိမ် သစ်တောဖုံးလွှမ်းမှု အကဲဖြတ်ချက် FRA (Forest Resource Assessment) အရ နေပြည်တော်ကောင်စီနယ်မြေ၏ သစ်တောဖုံးလွှမ်းမှုမှာ ၂၀၁၀ ခုနှစ်တွင် နေပြည်တော်ဧရိယာရဲ့ ၄၅ ဒသမ ၅၆ ရာခိုင်နှုန်း၊ ၂၀၁၅ ခုနှစ်တွင် နေပြည်တော်ဧရိယာရဲ့ ၄၁ ဒသမ ၆၄ ရာခိုင်နှုန်း၊ ၂၀၂ဝ ပြည့်နှစ်တွင် နေပြည်တော် ဧရိယာရဲ့ ၄၃ ဒသမ ၉၄ ရာခိုင်နှုန်း ရှိကြောင်း၊ နေပြည်တော်ကောင်စီနယ်မြေအနေဖြင့် သစ်တောပြုစုထိန်းသိမ်းရေး လုပ်ငန်းများအား ကောင်းလာမှုကြောင့် ကောင်စီနယ်မြေရဲ့ သစ်တောဖုံးလွှမ်းမှုဟာ ပြန်လည်တိုးတက် ကောင်းမွန်လာမှာဖြစ်ကြောင်း၊ နေပြည်တော်ကောင်စီနယ်မြေသည် နိုင်ငံရဲ့အုပ်ချုပ်ရေး မြို့တော်ဖြစ်တာနဲ့ အညီ စိမ်းလန်းစိုပြည် သာယာလှပစေရေး၊ လူနေမှုအဆင့်အတန်း မြင့်မားစေရေး၊ သာယာလှပပြီး Green City၊ Clean City၊ Smart City ဖြစ်စေရေး ရည်မှန်း ဆောင်ရွက်လျက်ရှိကြောင်း၊ အလားတူနိုင်ငံအဝန်းမြို့ပြများနှင့် ရပ်ရွာဒေသအသီးသီးတွင် စိမ်းလန်းစိုပြည် သာယာစေရေးအတွက် လမ်းဘေးဝဲယာ သစ်ပင်သစ်တောများ၊ စိမ်းလန်းမြေများ (Green Spaces)၊ ဥယျာဉ်များ၊ ပန်းခြံများ၊ မြို့ပြ သစ်တောများ၊ တစ်အုပ်တစ်မ စိုက်ခင်းများစိမ်းလန်းစိုပြည်သည့် Landscape များကို ပိုမိုတိုးမြှင့်တည်ထောင်သွားကြရမှာ ဖြစ်ကြောင်း၊ “သစ်ပင်စိုက်လျှင် တို့ဝန်းကျင်၊ စိမ်းစိုလှပကြည်နူးရ၏” ဆိုသည့် သစ်ပင်များ စိုက်ပျိုးထိန်းသိမ်းခြင်းဖြင့် သဘာဝ ပတ်ဝန်းကျင် စိမ်းစိုသာယာလှပစေပြီး ရေနဲ့လေကို သန့်စင်စေခြင်း၊ မြေဆီလွှာနှင့် ရေအရင်းအမြစ်များ ထိန်းသိမ်းပေးခြင်းနဲ့ ဇီဝမျိုးစုံမျိုးကွဲများ ကြွယ်ဝစေခြင်းစတဲ့ ပတ်ဝန်းကျင်ဆိုင်ရာ အကျိုးကျေးဇူးတွေလည်း ရရှိစေနိုင်ကြောင်း၊ နိုင်ငံတော်စဉ်ဆက်မပြတ်ဖွံ့ဖြိုးတိုးတက်ရေး၊ ပြည်သူများ စားရေရိက္ခာဖူလုံရေး၊ လူမှုစီးပွားဖွံ့ဖြိုးတိုးတက်ရေး၊ သန့်ရှင်းသောပတ်ဝန်းကျင်နဲ့ ကောင်းမွန်သောဂေဟစနစ်ကို ထိန်းသိမ်းနိုင်ရေးအတွက် သစ်တောသစ်ပင်များဟာ အလွန်အရေးကြီးတဲ့ အခန်းကဏ္ဍက ပါဝင်လျက်ရှိကြောင်း၊ နိုင်ငံအဝန်း သစ်တောဖုံးလွှမ်းမှုတိုးတက်လာပြီး စိမ်းလန်းစိုပြည် သာယာလှပစေရေး၊ ရာသီဥတု ပြန်လည်မျှတကောင်းမွန်စေရေးနဲ့ သဘာဝဘေးအန္တရာယ်များ တားဆီးကာကွယ်ရေးတို့ကို အမျိုးသားရေးတာဝန်တစ်ရပ်အနေနဲ့ ပူးပေါင်းဆောင်ရွက်စေလိုကြောင်း ပြောကြားခဲ့သည်။
ထို့နောက် နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဦးသန်းထွန်းဦးက မိုးရာသီသစ်ပင်စိုက်ပျိုးပွဲ အမှတ်တရအဖြစ် ကံ့ကော်ပင်ကို စိုက်ပျိုးပေးပြီး နေပြည်တော်ကောင်စီအဖွဲ့ဝင်များ၊ နေပြည်တော်စည်ပင်သာယာရေးကော်မတီ ဒုတိယမြို့တော်ဝန်၊ အမြဲတမ်းအတွင်းဝန်နှင့် ဌာနကြီးမှူးတို့က သတ်မှတ်နေရာများတွင် သစ်ပင်များကို စိုက်ပျိုးကြသည်။
ယင်းနောက် နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဦးသန်းထွန်းဦးနှင့် တာဝန်ရှိသူများက ဌာနဆိုင်ရာ ဝန်ထမ်းများ၊ ဆရာ ဆရာမများ၊ ကျောင်းသား၊ ကျောင်းသူများနှင့် လူမှုရေးအသင်းအဖွဲ့များမှ တာဝန်ရှိသူများ၊ မြို့မိမြို့ဖများနှင့် ရပ်ကွက်/ကျေးရွာများမှ ပြည်သူများက သတ်မှတ်နေရာများအလိုက် မယ်ဇလီ၊ စိန်ပန်း၊ ကုက္ကိုလ်၊ ပိတောက်၊ မဟော်ဂနီစတဲ့ သစ်မျိုး သုံးမျိုး၊ စုစုပေါင်းအပင်(၁၃၅၀)ကို စိုက်ပျိုးကြရာ စုပေါင်းစိုက်ပျိုးနေမှုများကို လှည့်လည်ကြည့်ရှု အားပေးခဲ့ကြောင်း သိရသည်။
အောင်မျိုးဝင်း(ပြန်/ဆက်)