ရန်ကုန်တိုင်းဒေသကြီး၌ ဥပဒေအသိပညာ ပြန့်ပွားရေး သင်တန်းအမှတ်စဉ် (၁/၂ဝ၂၄)ဖွင့်လှစ်

ရန်ကုန်  ဇွန်  ၇

ရန်ကုန်တိုင်းဒေသကြီး၌ ဥပဒေအသိပညာ ပြန့်ပွားရေး သင်တန်းအမှတ်စဉ် (၁/၂ဝ၂၄) သင်တန်းဖွင့်ပွဲအခမ်းအနားကို ယနေ့နံနက်ပိုင်းက ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ရုံး၊ မင်္ဂလာခန်းမ၌ ကျင်းပရာ ရန်ကုန်တိုင်းဒေသကြီး၊ ဝန်ကြီးချုပ်ဦးစိုးသိန်း၊ တိုင်းဒေသကြီးဝန်ကြီးများ၊ ဥပဒေအရာရှိများ၊ သင်တန်းနည်းပြများ၊ သင်တန်းသားသင်တန်းသူများ တက်ရောက်ခဲ့ကြသည်။

ရှေးဦးစွာတိုင်းဒေသကြီးဝန်ကြီးချုပ်က အဖွင့်အမှာစကားပြောကြားရာတွင် မိမိတို့နိုင်ငံဟာစစ်မှန်ပြီး စည်းကမ်းပြည့်ဝသော ပါတီစုံဒီမိုကရေစီစနစ် ခိုင်မာစေရေးနှင့် ဒီမိုကရေစီနှင့် ဖက်ဒရယ်စနစ်ကို အခြေခံသည့် ပြည်ထောင်စုကို တည်ဆောက်နေခြင်းဖြစ်သည့်အတွက်မိမိတို့ နိုင်ငံသားတိုင်း အနေဖြင့် ဥပဒေကို သိရှိနားလည်လိုက်နာနိုင်ရန် လိုအပ်ပြီး ဥပဒေပညာရပ်များကို ကျယ်ပြန့်စွာ သင်ကြားပေးနိုင်ရေးနှင့် အသိပညာပေးခြင်းသည် အရေးပါတဲ့ အခန်းကဏ္ဍတွင် ပါဝင်နေကြောင်း၊ ဥပဒေအသိပညာပြန့်ပွားစေရေးကို ဆောင်ရွက်ပေးခြင်းအားဖြင့် တရားဥပဒေစိုးမိုးရေးနှင့် တရားမျှတမှု ဖော်ဆောင်ရေးကို တစ်ဖက်တစ်လမ်းမှ ဆောင်ရွက်ပေးနိုင်မှာဖြစ်တယ်ဆိုသည့် ရည်ရွယ်ချက်နဲ့ ယခုလိုဥပဒေအသိပညာပြန့်ပွားရေး သင်တန်းကို ဖွင့်လှစ်သင်ကြားပေးရခြင်း ဖြစ်ကြောင်း၊ မြို့ရွာအေးချမ်းသာယာရေးနဲ့ တရားဥပဒေစိုးမိုးရေးအတွက် ရဲတပ်ဖွဲ့နှင့် တရားရေးအဖွဲ့အစည်းတွေရဲ့ တာဝန်‌တွေသာမကဘဲ ပြည်သူလူထုတစ်ရပ်လုံးနဲ့လည်း သက်ဆိုင်ပါ‌ကြောင်း၊ ပြည်သူလူထုမှတရားဥပဒေကို သိရှိနားလည်လိုက်နာမှသာ လူမှုဘဝမြှင့်တင်မှုများတွင် အကျိုးရှိစွာ အသုံးချနိုင်မှာဖြစ်ပြီး ဥပဒေပြဋ္ဌာန်းရသည့် ရည်ရွယ်ချက်များ အောင်မြင်ဖို့အတွက် ဥပဒေပညာပြန့်ပွားရေးကို အလေးထားဆောင်ရွက်သွားရန် လိုအပ် လှပါကြောင်း၊ ပြည်သူလူထုတွေအနေနဲ့ တရားဥပဒေကို သိရှိနားလည်ပြီး လေးစားလိုက်နာမှ တရားဥပဒေစိုးမိုးမှု မြင့်မားပြီး တည်ငြိမ်အေးချမ်းမှုရှိမှာဖြစ်ကြောင်း ပြောကြားခဲ့သည်။

ထို့နောက်ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများက ဥပဒေရေးရာဝန်ကြီးဌာနမှ ဥပဒေအသိပညာ ပြန့်ပွားရေးသင်တန်းကျောင်း (Legal Advocacy Center) ဖွင့်လှစ်ထားရှိသည့် Video Clip ကို ကြည့်ရှုပြီး သင်တန်းနည်းပြများ၊ သင်တန်းသားသင်တန်းသူများနှင့်အတူ အမှတ်တရ စုပေါင်းမှတ်တမ်းတင်ဓာတ်ပုံ ရိုက်ကူးခဲ့ကြသည်။

ဥပဒေအသိပညာ ပြန့်ပွားရေးသင်တန်းကို ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ ဝန်ထမ်း (၆၀) ဦးနှင့် အခြေခံပညာကျောင်းများမှ ဆရာ၊ ဆရာမ(၄၀)ဦး စုစုပေါင်း(၁၀၀)ဦး တက်ရောက်မည်ဖြစ်ပြီး သင်တန်းတွင် ဖွဲ့စည်းပုံအခြေခံဥပဒေ၊ ပြည်ထောင်စုရှေ့နေချုပ်ဥပဒေနှင့် နည်းဥပဒေများ၊ အကြမ်းဖက်မှုတိုက်ဖျက်ရေးဥပဒေ၊ မတရားအသင်းအက်ဥပဒေ၊ လူကုန်ကူးမှုတားဆီးနှိမ်နင်းရေးဥပဒေ၊ လက်နက်ဥပဒေ၊ ကလေးသူငယ်အခွင့်အရေးဆိုင်ရာဥပဒေ၊ ရာဇသတ်ကြီးဥပဒေ၊ ပြည်ပအလုပ်အကိုင်ဆိုင်ရာဥပဒေ၊ နိုင်ငံ့ဝန်ထမ်းဥပဒေနှင့် နိုင်ငံ့ဝန်ထမ်းနည်းဥပဒေ၊ အဂတိလိုက်စားမှုတိုက်ဖျက်ရေးဥပဒေ၊ ပြည်သူပိုင်ပစ္စည်း ကာကွယ်စောင့်ရှောက်ရေးဥပဒေနှင့် အများနှင့်သက်ဆိုင်သော ပစ္စည်းကာကွယ် စောင့်ရှောက်ရေးဥပဒေ၊ အစိုးရလျှို့ဝှက်ချက်အက်ဥပဒေ၊ ဆက်သွယ်ရေးဥပဒေ၊ မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေသော ဆေးဝါးများဆိုင်ရာဥပဒေ၊ တစ်လင်တစ်မယားစနစ် ကျင့်သုံးခြင်းဆိုင်ရာ ဥပဒေ၊ အမျိုးသားပညာရေးဥပဒေ၊ ပုဂ္ဂလိကပညာရေးဥပဒေ၊ အသင်းအဖွဲ့မှတ်ပုံတင်ခြင်းဥပဒေ၊ ပြည်သူ့စစ်မှုထမ်းဥပဒေအစရှိသော ဘာသာရပ်များကို အလုံမြို့နယ်ရှိ အမှတ်(၄) အခြေခံပညာအထက်တန်းကျောင်းတွင် (၂)ရက်တာ ဖွင့်လှစ်သင်ကြားပေးသွားမည်ဖြစ်ကြောင်း သိရသည်။

အောင်မြင့်(ပြန်/ဆက်)