သာကေတမြို့နယ်တွင် ကျောင်းဖွင့်ရာသီ၌ ကျောင်းနေအရွယ် ကျောင်းသား၊ ကျောင်းသူတိုင်း ကျောင်းအပ်နှံရေး စည်းရုံးလှုံ့ဆော်ခြင်းနှင့် ပြည်သူငြိမ်းချမ်းရေး ဂမ္ဘီရ၊ ဝေဒ၊ သုတ၊ ရသသတင်းစုံ ဂျာနယ်မိတ်ဆက်ပွဲ အခမ်းအနားကျင်းပ

သာကေတ ဇွန် ၈

သာကေတမြို့နယ် စာရေးဆရာအသင်းမှ ကြီးမှူးကျင်းပသည့် ကျောင်းဖွင့်ရာသီတွင် ကျောင်းနေအရွယ် ကျောင်းသား၊ ကျောင်းသူတိုင်း ကျောင်းအပ်နိုင်ရေး စည်းရုံး နှိုးဆော်ခြင်း၊  ပြည်သူငြိမ်းချမ်းရေး ဂမ္ဘီရ၊ ဝေဒ၊ သုတ၊ ရသ သတင်းစုံဂျာနယ်နှင့် ပြည်သူငြိမ်းချမ်းရေးပန်းတိုင်ဂျာနယ် မိတ်ဆက်ပွဲကို ဇွန် ၆ ရက် မွန်းလွဲ ၁၂ နာရီခွဲက သာကေတမြို့နယ် ​၆/အနောက်ရပ်ကွက် ဇမ္ဗူသီရိလမ်းရှိ ဇမ္ဗူပညာစာကြည့်တိုက်၌ ကျင်းပပြုလုပ်ရာ မြန်မာနိုင်ငံသတင်းမီဒီယာကောင်စီဥက္ကဋ္ဌ အလင်္ကာကျော်စွာ ဦးအုန်းမောင်(မြင်းမူမောင်နိုင်မိုး)၊ မြန်မာနိုင်ငံစာရေးဆရာအသင်း(ဗဟို)အတွင်းရေးမှူး မောင်ငြိမ်းသူ(ကြို့ပင်ကောက်)နှင့်အဖွဲ့ဝင်များ၊ စာပေညီအစ်ကိုမောင်နှမများ၊ အ.မ.က(၁၄)၊ အ.မ.က (၂၅)  ကျောင်းအုပ်ဆရာမကြီးများ၊ ကျောင်းသား၊ ကျောင်းသူများ တက်ရောက်ခဲ့ကြသည်။

ရှေးဦးစွာသာကေတမြို့နယ် စာရေးဆရာအသင်းဥက္ကဋ္ဌ မြေလတ်မြတ်သူက အဖွင့်အမှာစကားပြောကြားပြီး မြန်မာနိုင်ငံ သတင်းမီဒီယာကောင်စီ ဥက္ကဋ္ဌ အလင်္ကာကျော်စွာ ဦးအုန်းမောင် ( မြင်းမူ မောင်နိုင်မိုး )၊ မြန်မာနိုင်ငံစာရေးဆရာအသင်း (ဗဟို) အတွင်းရေးမှူး မောင်ငြိမ်းသူ(ကြို့ပင်ကောက်)၊ သာကေတမြို့နယ်စာရေးဆရာအသင်း နာယကကြီး မှော်ဝန်းကြည်မြတ် တို့က မုဒိတာစကားများ ပြောကြားကြသည်။

 ယင်းနောက် ပြည်သူငြိမ်းချမ်းရေး ဂမ္ဘီရ ၊ဝေဒ၊သုတ၊ရသသတင်းစုံဂျာနယ် စီးပွားရေး အကြံပေး ဦးတင်အောင်(ရန်ကင်းမောင်မြတ်နိုး)က ကျေးဇူးတင်စကား ပြောကြားသည်။ ထို့နောက် ​မြန်မာနိုင်ငံ သတင်းမီဒီယာကောင်စီ ဥက္ကဋ္ဌ အလင်္ကာကျော်စွာ ဦးအုန်းမောင်( မြင်းမူ မောင်နိုင်မိုး) နှင့် မြန်မာနိုင်ငံစာရေးဆရာအသင်း(ဗဟို)  ဒုတိယဥက္ကဋ္ဌ  မောင်စိမ်းနောင်(လယ်ဝေး)တို့က ဇမ္ဗူပညာစာကြည့်တိုက်သို့ သုတ၊ ရသစာအုပ်များလှူဒါန်းရာ  တာဝန်ရှိသူများက လက်ခံရယူခဲ့သည်။

အဆိုပါပြည်သူငြိမ်းချမ်းရေး ဂမ္ဘီရ၊ ဝေဒ၊ သုတ၊ ရသ သတင်းစုံဂျာနယ်ကို အတွဲ (၁)၊ အမှတ်(၁)အဖြစ် ဇွန် ၇ ရက်တွင် စတင်ထုတ်ဝေဖြန့်ချိမည်ဖြစ်ပြီး ပြည်သူငြိမ်းချမ်းရေးပန်းတိုင် ဂမ္ဘီရ၊ နက္ခန်၊ သုတ၊ ရသသတင်းစုံဂျာနယ်ကို ဇွန် ၁၁  ရက်တွင် ထုတ်ဝေဖြန့်ချိမည်လည်းဖြစ်သည်။ ဂျာနယ်နှစ်စောင်ကို တစ်လလျှင် နှစ်ကြိမ်ထုတ်ဝေမည်လည်းဖြစ်ကြောင်း သိရသည်။

ဆောင်းနှင်းဖြူ(ပြန်/ဆက်)