နေပြည်တော် ဇွန် ၈
ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်အတွင်း မြို့ပြ၊ လယ်ယာမြေနှင့် မွေးမြူရေးဇုန်များ စနစ်တကျ ဖော်ဆောင်ရေးလုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယနေ့မွန်းလွဲပိုင်းတွင် နေပြည်တော် ကောင်စီရုံး၊ အစည်းအဝေးခန်းမ(၁)၌ကျင်းပရာ နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဦးသန်းထွန်းဦး၊ နေပြည်တော်ကောင်စီဝင်များ၊ နေပြည်တော်စည်ပင်သာယာရေးကော်မတီ၊ ဒုတိယမြို့တော်ဝန်နှင့် ဌာနကြီးမှူးများ၊ နေပြည်တော်အဆင့်ဌာနဆိုင်ရာများ၊ ခရိုင်/မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌများ တက်ရောက်ကြသည်။
ဦးစွာနေပြည်တော်ကောင်စီဥက္ကဋ္ဌ ဦးသန်းထွန်းဦးက အမှာစကားပြောကြားရာတွင် ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်ဖွံ့ဖြိုးတိုးတက်ရေး၊ မြို့ပြဖွံ့ဖြိုးတိုးတက်ရေး၊ လယ်ယာမြေ ကဏ္ဍများ ဖွံ့ဖြိုးတိုးတက်ရေး၊ မွေးမြူရေးဇုန်များ ဖွံ့ဖြိုးတိုးတက်ရေးတို့ကို ဌာနဆိုင်ရာများက သက်ဆိုင်ရာ ကဏ္ဍများအလိုက် လုပ်ထုံးလုပ်နည်းများ၊ မူဝါဒများ၊ ဥပဒေ၊ နည်းဥပဒေများနှင့်အညီ အားလုံး ပူးပေါင်းပါဝင်ပြီး စနစ်တကျစီမံဆောင်ရွက်ကြစေလိုကြောင်း၊ လယ်ယာမြေများတွင် ပန်းတိုင် အထွက်နှုန်းရရှိရေး၊ သီးထပ်စွမ်းအား တိုးတက်ရေးအတွက် ရာနှုန်းပြည့်ဆောင်ရွက်စေလို ကြောင်း၊ ဆည်/တမံများ ရေဝေရေလဲဧရိယာများတွင် အမြဲစိမ်းသစ်ပင်များ စိုက်ပျိုးရန်၊ သစ်ပင် သစ်တောများ ပြုန်းတီးမှုမရှိစေရေး ဆောင်ရွက်ကြစေလိုကြောင်း၊ ကျေးရွာထင်းစိုက်ခင်းများကိုလည်း စိုက်ပျိုးဆောင်ရွက်သွားရမှာဖြစ်ကြောင်း၊ နေပြည်တော်အတွင်းရှိ စာကြည့်တိုက်များ ဖွံ့ဖြိုးတိုးတက်ရေးနှင့် စာဖတ်ရှိန်မြှင့်တင်ရေးလုပ်ငန်းများကို အလေးထားဆောင်ရွက်ကြရမှာဖြစ်ကြောင်း၊ နေပြည်တော်တွင် ကျောင်းနေအရွယ်ကလေးအားလုံး ကျောင်းအပ်နှံပြီး ပညာ သင်ကြားနိုင်ရေးကို အလေးထားဆောင်ရွက်ကြရမှာဖြစ်ကြောင်း၊ စိုက်ပျိုး၊ မွေးမြူရေးလုပ်ငန်းများ ကို ဖွံ့ဖြိုးတိုးတက်အောင်ဆောင်ရွက်ပြီး စိုက်ပျိုး၊ မွေးမြူရေးလုပ်ငန်းများမှ ထွက်ရှိသည့် ကုန်ကြမ်းများကို တန်ဖိုးမြင့်ထုတ်ကုန်များအဖြစ် ထုတ်လုပ်နိုင်ရေးအားလုံးက ပူးပေါင်းဆောင်ရွက်ကြစေလိုကြောင်း ပြောကြားသည်။
ထို့နောက်ဌာနဆိုင်ရာတာဝန်ရှိသူများက နေပြည်တော်ဖွံ့ဖြိုးတိုးတက်ရေး၊ မြို့ပြဖွံ့ဖြိုးတိုးတက်ရေး၊ လယ်ယာမြေကဏ္ဍများ ဖွံ့ဖြိုးတိုးတက်ရေး၊ မွေးမြူရေးဇုန်များ ဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းများ ဆောင်ရွက်နေမှုအခြေအနေများနှင့် ဆက်လက်ဆောင်ရွက်မည့်အခြေအနေများကို သက်ဆိုင်ရာကဏ္ဍများအလိုက် အသီသီးရှင်းလင်းတင်ပြကြသည်။
ယင်းနောက်နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဦးသန်းထွန်းဦးက တင်ပြချက်များနှင့် စပ်လျဉ်း၍ လုပ်ငန်းများအောင်မြင်စွာ ဆောင်ရွက်နိုင်ရေးအတွက် ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးပြီး နိဂုံးချုပ် အမှာစကားပြောကြားခဲ့ကြောင်း သိရသည်။
ထွန်းထွန်းဝင်း၊ (ပြန်/ဆက်)