တပ်ကုန်း ဇွန် ၇
နေပြည်တော်ကောင်စီအဖွဲ့ဝင် ဦးဇေယျာလင်းသည် တပ်ကုန်းမြို့နယ် စီမံအုပ်ချုပ်အဖွဲ့ဥက္ကဋ္ဌ ဦးညီညီထွေးနှင့် အဖွဲ့ဝင်များ၊ မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနမှ လက်ထောက်ညွှန်ကြားရေးမှူး ဦးထွန်းညွန့်နှင့် ဝန်ထမ်းများ၊ မြို့နယ်လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဦးစီးဌာန မြို့နယ် ဦးစီးမှူးရုံးမှ ဝန်ထမ်းများ၊ မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ ကျန်းမာရေးဆရာ၊ ဆရာမများ၊ မြို့နယ်ပညာရေးမှူးရုံးမှ တာဝန်ရှိသူများနှင့်အတူ တပ်ကုန်းမြို့နှင့် အလှမ်းဝေးသည့် ကျေးရွာများ အား ဒေသဖွံ့ဖြိုးရေးလုပ်ငန်း ဆောင်ရွက်ခြင်းကို ယနေ့ နံနက်ပိုင်းက သံပုရာကုန်းကျေးရွာ၌ ကွင်းဆင်းဆောင်ရွက်ခဲ့သည်။
ဦးစွာ နေပြည်တော်ကောင်စီအဖွဲ့ဝင် ဦးဇေယျာလင်းက ကျေးရွာအုပ်ချုပ်ရေးမှူး၊ ရပ်မိရပ်ဖများ၊ ဒေသခံပြည်သူများအား တွေ့ဆုံ၍ ဒေသခံပြည်သူများအနေဖြင့် စိုက်ပျိုးရေးလုပ်ငန်းများကို အခြေခံ၍ မိသားစုစားဝတ်နေရေးဆောင်ရွက်ရာတွင် စပါးနှင့်ဆီထွက်များ အဓိကထားလုပ် ဆောင်ကြသဖြင့် ဝမ်းသာပီတိဖြစ်ရပါကြောင်း၊ ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများ၊ ပညာရေးကဏ္ဍများ၊ ပြည်သူများ ကျန်းမာရေးစစ်ဆေးပေးရေး၊ အသက် ၁၈ နှစ်ပြည့်သူတိုင်း နိုင်ငံသားမှတ်ပုံတင် လွယ်လင့်တကူ ဆောင်ရွက်ပေးရေးနှင့် သီးနှံစိုက်ပျိုးရေးကိစ္စရပ်များ ပေါင်းစပ်ညှိနှိုင်းဆောင်ရွက် ပေးရေး ရှင်းလင်းပြောကြားခဲ့ပြီးနောက် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးညီညီထွေးက ပြည်သူ့စစ်မှုထမ်းဥပဒေဆိုင်ရာနှင့် ပြည်သူများ စိုးရိမ်စိတ်မရှိစေရေး ရှင်းလင်းပြောကြား၍ လည်းကောင်း၊ မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနမှ လက်ထောက်ညွှန်ကြားရေးမှူး ဦးထွန်းညွန့်က တောင်သူများ သီးနှံစိုက်ပျိုးရေးဆိုင်ရာများ၊ Grade -9 အောင်မြင်သည့် ကျောင်းသား၊ ကျောင်းသူများ စက်မှုစိုက်ပျိုးမွေးမြူရေးကျောင်း တက်ရောက်နိုင်ကြောင်းနှင့် အခွင့်အလမ်းများအကြောင်း ရှင်းလင်း ပြောကြားပြီး၊ တက်ရောက်လာသူများက ကျေးရွာတွင် လိုအပ်လျက်ရှိသည့် ကျေးရွာ အဝင် ကျောက်ချောလမ်း၊ ရွာတွင်းရေဆိုးထုတ်တံတား၊ အခြေခံပညာကျောင်းအနီး ချောင်းမြေ ထိန်းနံရံလိုအပ်ကြောင်း တင်ပြကြရာ နေပြည်တော်ကောင်စီအဖွဲ့ဝင် ဦးဇေယျာလင်းက သက်ဆိုင်ရာ ဌာနများနှင့် ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ခဲ့ပြီးနောက် အသက် ၈၀ နှစ်ကျော် အဘိုး၊ အဘွားများအား ဆန်၊ ဆီ၊ ထောက်ပံ့ငွေနှင့် တောင်သူများကို ဆင်းရတနာ (၃) နှမ်းမျိုး၊ ရေဆင်း (၁၅) ပဲတီစိမ်မျိုးများ ထောက်ပံ့ပေးအပ်ခဲ့သည်။
ထို့နောက် နေပြည်တော်ကောင်စီအဖွဲ့ဝင် ဦးဇေယျာလင်းနှင့် တာဝန်ရှိသူများက သံပုရာကုန်း ကျေးရွာဘုန်းတော်ကြီးကျောင်း၊ ဦးနာဂိတဆရာတော်အား ဖူးမြော်ကြည်ညိုပြီး ဆွမ်းဆန်တော်၊ ဆီ၊ ဝတ္ထုငွေများ ပေးအပ်လှူဒါန်းခဲ့ပြီးနောက် အခြေခံပညာအထက်တန်းကျောင်းမှ ဆရာ၊ ဆရာများအား တွေ့ဆုံ၍ အားပေးစကားများပြောကြားပြီး ဆန်၊ ဆီများ ထောက်ပံ့ပေးအပ်ခဲ့သည်။ သံပုရာကုန်းကျေးရွာတွင် သွေးတိုး၊ ဆီးချိုလူနာ စုစုပေါင်း ၆၅ ဦးအား ကျန်းမာရေး စောင့်ရှောက်ပေးခဲ့ပြီးနောက် နိုင်ငံသားမှတ်ပုံတင် ၅၅ ဦး ပြုလုပ်ဆောင်ရွက်ပေးခဲ့သည်။
ယင်းနောက် နေပြည်တော်ကောင်စီအဖွဲ့ဝင် ဦးဇေယျာလင်းနှင့် တာဝန်ရှိသူများက ထန်းတပင် ကျေးရွာအခြေခံပညာအလယ်တန်းကျောင်းသို့ သွားရောက်၍ ကျောင်းအုပ်ဆရာကြီးနှင့်ဆရာ၊ ဆရာမများ၊ ကျေးရွာအုပ်ချုပ်ရေးမှူး၊ ရပ်မိရပ်ဖများ၊ ဒေသခံပြည်သူများအား တွေ့ဆုံကာ KG ကျောင်းသားကလေးငယ်များအား ပဲနို့နှင့် ချိုချဉ်များ ပေးအပ်လှူဒါန်းခဲ့ပြီးနောက် နေပြည်တော် ကောင်စီအဖွဲ့ဝင် ဦးဇေယျာလင်းက ဒေသခံပြည်သူများနှင့်တွေ့ဆုံ၍ ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများ၊ ပညာရေးကဏ္ဍများ၊ ပြည်သူများ ကျန်းမာရေးစစ်ဆေးပေးရေး၊ အသက် ၁၈ နှစ်ပြည့်သူတိုင်း နိုင်ငံသားမှတ်ပုံတင် လွယ်လင့်တကူဆောင်ရွက်ပေးရေးနှင့် ကျေးရွာမြစိမ်းရောင်မတည်ငွေ အောင်မြင်စွာ လည်ပတ်နိုင်ရေး၊ စပါးစိုက်တောင်သူများ Seeder စနစ်ဖြင့် စိုက်ပျိုးနိုင်ရေး၊ ရှင်းလင်းပြောကြားခဲ့ပြီးနောက် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးညီညီထွေးက ပြည်သူ့ စစ်မှုထမ်းဥပဒေဆိုင်ရာနှင့် ပြည်သူများ စိုးရိမ်စိတ်မရှိစေရေး ရှင်းလင်းပြောကြား၍လည်းကောင်း၊ မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနမှ လက်ထောက်ညွှန်ကြားရေးမှူး ဦးထွန်းညွန့်က သီးနှံစိုက်ပျိုးရေး ဆိုင်ရာများ၊ Grade -9 အောင်မြင်သည့် ကျောင်းသား၊ ကျောင်းသူများ စက်မှုစိုက်ပျိုးမွေးမြူရေး ကျောင်း တက်ရောက်ရေးနှင့် အခွင့်အလမ်းများအကြောင်း ရှင်းလင်းပြောကြားပြီး တောင်သူများကို ဆင်းရတနာ(၃) နှမ်းမျိုး၊ ရေဆင်း(၁၅) ပဲတီစိမ်မျိုးများ၊ အခြေခံပညာအလယ်တန်းကျောင်းမှ ဆရာ၊ ဆရာများအား ဆီ၊ ခေါက်ဆွဲခြောက်များ ထောက်ပံ့ပေးအပ်ခဲ့သည်။ ထန်းတပင်ကျေးရွာတွင် သွေးတိုး၊ ဆီးချိုလူနာ စုစုပေါင်း ၃၂ ဦးအား ကျန်းမာရေးစောင့်ရှောက်ပေးခဲ့ပြီးနောက် နိုင်ငံသားမှတ်ပုံတင် ၂၃ ဦး ပြုလုပ်ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။
တင်စိုးလွင်