သီပေါမြို့နယ်၌ သာသနာတော်ဆိုင်ရာဘွဲ့တံဆိပ် ရရှိတော်မူကြသော ဆရာတော်ကြီးများနှင့် သာသနာ့နွယ်ဝင်သီလရှင်ဆရာကြီးများအား ချီးကျူးဂုဏ်ပြုပူဇော်သည့် ဂုဏပူဇာသဘင် ကျင်းပနိုင်ရေး ဒုတိယအကြိမ် ညှိနှိုင်းအစည်းအဝေး ပြုလုပ်

သီပေါ ဇွန် ၈

ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ ကျောက်မဲခရိုင်၊ သီပေါမြို့နယ် မြို့လယ်သာသနာ့ဗိမာန်တော်ကြီးတွင် ယမန်နေ့မွန်းလွှဲ (၂)နာရီက သာသနာတော်ဆိုင်ရာဘွဲ့တံဆိပ် ရရှိတော်မူကြသော ဆရာတော်ကြီးများနှင့် သာသနာ့နွယ်ဝင်သီလရှင်ဆရာကြီးများအား ချီးကျူးဂုဏ်ပြုပူဇော်သည့် ဂုဏပူဇာသဘင် ကျင်းပနိုင်ရေး ဒုတိယအကြိမ် ညှိနှိုင်းအစည်းအဝေးကို ပြုလုပ်ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

ရှေးဦးစွာ အစည်းအဝေးကို နမောတဿသုံးကြိမ် သံပြိုင်ညီညာရွတ်ဆို၍ စတင်ခဲ့ပြီး မြို့နယ်ဥပတ္ထမ္ဘကအဖွဲ့ဥက္ကဋ္ဌ ဦးခင်မောင်ဝင်းက ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အစိုးရမှ ချီးမြှင့်ဆက်ကပ်သော သာသနာတော်ဆိုင်ရာ ဘွဲ့တံဆိပ်များကို ၂၀၂၀ ပြည့်နှစ်မှ ၂၀၂၄ ခုနှစ်အထိ သီပေါမြို့နယ်မှ လက်ခံရရှိသောမူကြသော ဆရာတော်ကြီး(၈)ပါးနှင့် သာသနာ့နွယ်ဝင် သီလရှင် (၃)ပါး၊ စုစုပေါင်း (၁၁) ပါး ရှိပါကြောင်း၊ ယခင်ကနှစ်စဉ်ဂုဏ်ပြုပူဇော်ပွဲ ကျင်းပပေးနိုင်ခဲ့သော်လည်း ကူးစက်ပြင်းထန်ကပ်ရောဂါနှင့် အထွေထွေထိခိုက်မှုများကြောင့် ၂၀၂၀ ပြည့်နှစ်မှ ၂၀၂၄ ခုနှစ်အထိ ဂုဏ်ပြုပူဇော်ပွဲများကို ကျင်းပနိုင်ခဲ့ခြင်းမရှိပါကြောင်း၊ ယခုအခါ အဆိုပါနှစ်များတွင် ဘွဲ့တံဆိပ်တော်ရ ဆရာတော်ကြီးများနှင့် သီလရှင်ဆရာကြီး (၁၁)ပါးတို့အား ဂုဏ်ပြုပူဇော်သည့် ဂုဏပူဇာသဘင်ပွဲကို မြို့နယ်ဥပတ္ထမ္ဘကအဖွဲ့နှင့် တပည့်တကာများက ဦးစီးဦးဆောင်ပြု၍ ဇွန်လ (၂၁) ရက်နေ့တွင် ကျင်းပဆောင်ရွက်သွားမည်ဖြစ်ပါကြောင်း ပြောကြားခဲ့သည်။

ဆက်လက်၍ မြို့နယ်ဥပတ္ထမ္ဘကအဖွဲ့ အတွင်းရေးမှူး ဦးစိုင်းစိန်လင်းက ဂုဏပူဇာသဘင်ပွဲကျင်းပ ပြုလုပ်ဆောင်ရွက်မည့်လုပ်ငန်းစီမံချက်နှင့် ဖွဲ့စည်းထားသော ကော်မတီ၊ ဆပ်ကော်မတီများအား ဖတ်ကြား ရှင်းလင်းခဲ့ရာတို့ကို မြို့နယ်ဥပတ္ထမ္ဘကအဖွဲ့ဝင်များနှင့် မြို့မိမြို့ဖများက အသီးသီးဖြည့်စွက် အကြံပြုဆွေးနွေးခဲ့ကြသည်။

ထို့နောက် ဂုဏ်ပြုပူဇော်သည့် ဂုဏပူဇာသဘင်ပွဲအတွက် အလှူရှင်များက အလှူငွေများပေးအပ် လှူဒါန်းရာ တာဝန်ရှိသူ အသီးသီးက လက်ခံရယူခဲ့ကြကြောင်း၊ တတိယအကြိမ် (အပြီးသတ်) အစည်းအဝေးကို ဇွန်လ (၁၄) ရက်နေ့တွင် ထပ်မံပြုလုပ်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း နှင့်အစည်းအဝေးကို   “ဗုဒ္ဓသာသနံစိရံတိဋ္ဌတု” (၃)ကြိမ်သံပြိုင်ရွတ်ဆို ပိတ်သိမ်းခဲ့ကြောင်း  မြို့နယ်ဥပတ္ထမ္ဘကအဖွဲ့ထံမှ သိရသည်။

ခင်လေး(ပြန်/ဆက်)