မူးယစ်ဆေးစွဲသူများ ပြန်လည်ထူထောင်ရေးအသင်း(မြန်မာ)ဗဟိုမှ မူးယစ်ဆေးဖြတ်ပြီးသူ(၆၅)ဦးကျော်အား စိတ်ပိုင်း၊ ရုပ်ပိုင်းဆိုင်ရာ နောက်ဆက်တွဲ စောင့်ရှောက်မှုများဆောင်ရွက်

တာမွေ ဇွန် ၈

လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာနလက်အောက်ရှိ ပြန်လည်ထူထောင်ရေးဦးစီးဌာန၏ ပြန်လည်ထူထောင်ရေးစခန်းအသီးသီးတွင် မူးယစ်ဆေး ဖြတ်ပြီးနောက် ရန်ကုန်တိုင်းဒေသကြီး တာမွေမြို့နယ် ကျိုက္ကဆံလမ်းရှိ မူးယစ်ဆေးစွဲသူများ ပြန်လည်ထူထောင်ရေးအသင်း(မြန်မာ)ဗဟိုရုံးတွင် ၂၀၂၄ ခုနှစ် ဇန်နဝါရီလ (၁)ရက်နေ့မှ ယနေ့အထိ စိတ်ပိုင်း၊ ရုပ်ပိုင်းဆိုင်ရာ နောက်ဆက်တွဲစောင့်ရှောက်မှုခံယူပြီးသည့် မူးယစ်ဆေးဖြတ် သင်တန်းသား (၆၅)ဦးကျော်ရှိပြီးဖြစ်ကြောင်း ယနေ့နံနက်ပိုင်းအချိန်က အဆိုပါမူးယစ်ဆေးစွဲသူများ ပြန်လည် ထူထောင်ရေးအသင်း(မြန်မာ)ဗဟိုရုံး စုပေါင်းခန်းမ၌ ပဉ္စမအကြိမ်မြောက် ကျင်းပပြုလုပ်သည့် မူးယစ်ဆေးဖြတ်သင်တန်းသားများအား ၎င်းတို့၏ မိဘအုပ်ထိန်းသူများထံ ပြန်လည်အပ်နှံပွဲ အခမ်းအနားမှ သိရသည်။

အခမ်းအနားတွင် မူးယစ်ဆေးစွဲသူများ ပြန်လည်ထူထောင်ရေးအသင်း(မြန်မာ)ဗဟိုမှ ဥက္ကဋ္ဌ ဦးစံရှိန်က ပွဲကျင်းပပြုလုပ်ရခြင်းနှင့်ပတ်သက်၍ အဖွင့်အမှာစကားပြောကြားခဲ့ပြီး မူးယစ်ဆေး စွဲသူများ ပြန်လည်ထူထောင်ရေးအသင်း(မြန်မာ)ဗဟိုမှ အတွင်းရေးမှူး ဒေါ်ခင်ခင်ဝင်းက မူးယစ်ဆေးစွဲလူနာများအား ဆေးကုသမှု မဖြစ်မနေခံယူရန် လိုအပ်သည့်အကြောင်း၊ ကျောင်းသားလူငယ်ထု ဆက်သွယ်ရေးသံတမန် ဟာသသရုပ်ဆောင် လူရွှင်တော် ဦးချစ်ချောက မူးယစ်ဆေး ဖြတ်ပြီးသူများအား ဆေးဖြတ်ပြီးပါက စိတ်ပိုင်း၊ ရုပ်ပိုင်းဆိုင်ရာ နောက်ဆက်တွဲ ကျန်းမာရေး စောင့်ရှောက်မှုခံယူရန် များစွာလိုအပ်သည့်အကြောင်း၊ မူးယစ်ဆေးစွဲသူများ ပြန်လည်ထူထောင်ရေး အသင်း(မြန်မာ)ဗဟိုမှ ဥက္ကဋ္ဌ ဦးစံရှိန်က မူးယစ်ဆေးဝါးအမျိုးမျိုးတို့၏ ကြောက်မက်ဖွယ်ရာ ဆိုးကျိုးအန္တရာယ်များအကြောင်းတို့နှင့်ပတ်သက်၍ အသီးသီးအသိပညာပေး ရှင်းလင်း ပြောကြားခဲ့သည်။

ဆက်လက်၍ သက်ဆိုင်ရာ တာဝန်ရှိသူများက သင်တန်းဆင်းလက်မှတ်များအား အသီးသီး ပေးအပ်ခဲ့ကြပြီး မူးယစ်ဆေးဖြတ် သင်တန်းသားများကိုယ်စား သင်တန်းသားတစ်ဦးက ကျေးဇူးတင်စကားပြန်လည်ပြောကြားခဲ့သည်။ ယင်းနောက် မူးယစ်ဆေးစွဲသူများ ပြန်လည်ထူထောင် ရေးအသင်း (မြန်မာ) ဗဟိုမှ ဥက္ကဋ္ဌ ဦးစံရှိန်က မူးယစ်ဆေးဖြတ် သင်တန်းသားများအား သင်တန်းဆင်း နိဂုံးချုပ် အမှာစကားပြောကြားခဲ့ပြီး တက်ရောက်လာကြသူများသည် သင်တန်းဆင်း သင်တန်းသားများ၊ ၎င်းတို့၏ မိဘအုပ်ထိန်း သူများနှင့်အတူ အမှတ်တရ စုပေါင်းမှတ်တမ်းတင် ဓာတ်ပုံရိုက်ခဲ့ကြသည်။

ထို့နောက် မူးယစ်ဆေးစွဲသူများ ပြန်လည်ထူထောင်ရေးအသင်း(မြန်မာ)ဗဟိုမှ ဥက္ကဋ္ဌ ဦးစံရှိန်က မူးယစ်ဆေးဖြတ်သင်တန်းသားများ၏မိဘအုပ်ထိန်းသူများနှင့် တွေ့ဆုံကာ သင်တန်းဆင်း သင်တန်းသားများ၏စိတ်ပိုင်း၊ ရုပ်ပိုင်းဆိုင်ရာ ပြောင်းလဲတိုးတက်လာမှု အခြေအနေများနှင့် ပတ်သက်၍ အသေးစိတ် ရှင်းလင်းပြောကြားခဲ့သည်။

အဆိုပါ အခမ်းအနားသို့ မူးယစ်ဆေးစွဲသူများ ပြန်လည်ထူထောင်ရေးအသင်း(မြန်မာ)ဗဟိုမှ ဥက္ကဋ္ဌနှင့် အသင်းသား/သူများ၊ စေတနာ့ဝန်ထမ်း မူးယစ်ကြီးကြပ်ရေးမှူးများ၊ ပြန်လည်ထူထောင်ရေး ဦးစီးဌာနမှ တာဝန်ရှိသူများ၊ မြို့နယ်အဆင့်ဌာနဆိုင်ရာများ၊ မေတ္တာစံအိမ်ရှိ မူးယစ်ဆေးဖြတ် သင်တန်းသားများနှင့် ၎င်းတို့၏ မိဘအုပ်ထိန်းသူများ၊ သတင်းမီဒီယာများနှင့် ဖိတ်ကြားထားသော ဧည့်သည်တော်များ တက်ရောက်ခဲ့ကြကြောင်းနှင့်  မူးယစ်ဆေးစွဲသူများ ပြန်လည်ထူထောင်ရေး အသင်း(မြန်မာ)ဗဟိုအနေဖြင့် ၂၀၂၄ ခုနှစ်အတွင်း စုစုပေါင်း မူးယစ်ဆေးဖြတ် သင်တန်းသား (၆၅)ဦးကို စိတ်ပိုင်း၊ ရုပ်ပိုင်းဆိုင်ရာနောက်ဆက်တွဲ စောင့်ရှောက်မှုများ ဆောင်ရွက်ပေးနိုင်ခဲ့ပြီး ဖြစ်ကြောင်း သတင်းရရှိပါသည်။

နိုင်လင်းအောင်