သာကေတ ဇွန် ၈
ရန်ကုန်တိုင်းဒေသကြီး၊ ဗိုလ်တထောင်ခရိုင်၊ သာကေတမြို့နယ်၌ အသက်(၁)နှစ်မှ (၅)နှစ်အရွယ် ကလေးငယ်များကို Catch-up နည်းလမ်းဖြင့် ကာကွယ်ဆေးထိုးနှံ/တိုက်ကျွေးခြင်းကို ဇွန်လ (၃)ရက်နေ့မှ စတင်ကာ မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာန ဝန်ထမ်းများက ကွင်းဆင်းဆောင်ရွက်ခဲ့ကြောင်း သိရသည်။
အဆိုပါ Catch-up နည်းလမ်းဖြင့် ကာကွယ်ဆေးထိုးနှံ/တိုက်ကျွေးခြင်း ဆောင်ရွက်ရာတွင် အသက် (၁)နှစ်မှ (၅)နှစ် ကာကွယ်ဆေးအကြိမ်ပြည့် မထိုးနှံရသေးသော ကလေးငယ်များနှင့် ကာကွယ်ဆေး တစ်ကြိမ်မျှ မရရှိသေးသော ကလေးငယ်များအား မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ ဝန်ထမ်းများက ယမန်နေ့ နံနက် (၉)နာရီအချိန်၌ ဆေးထိုးအဖွဲ့များ ခွဲကာ ၆/ အနောက်ရပ်ကွက်၊ ၁/ထူပါရုံ ရပ်ကွက်၊ ၇/အနောက်ရပ်ကွက်၊ ရှုခင်းသာရပ်ကွက်၊ ၉ ရပ်ကွက် များရှိ ဆေးထိုးစုရပ်အသီးသီး၌ ငါးမျိုးစပ်ကာကွယ်ဆေး၊ ဝက်သက်-ဂျိုက်သိုးရောဂါ ကာကွယ်ဆေးနှင့် ပိုလီယိုရောဂါ ကာကွယ်ဆေး စသည်တို့ကို ထိုးနှံတိုက်ကျွေးပေးခဲ့ခြင်းကို ညနေ (၄) နာရီအထိ ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
သာကေတမြို့နယ် ပြည်သူ့ကျန်းမာရေးဦးစီးဌာနအနေဖြင့် ကိုယ်ဝန်ဆောင်မိခင်နှင့် မွေးကင်းစမှ အသက်(၂)နှစ်အောက် ကလေးငယ်များအား ပုံမှန်ကာကွယ်ဆေးများ ထိုးနှံ/တိုက်ကျွေးခြင်း၊ ကိုဗစ်-၁၉ ရောဂါကာကွယ်ရေးအတွက် ပြည်သူများနှင့် ကျောင်းသား၊ ကျောင်းသူများအား ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးနှင့် ထပ်ဆောင်းကာကွယ်ဆေးများ ထိုးနှံပေးခြင်း၊ သွေးလွန်တုပ်ကွေး ရောဂါ ကြိုတင်ကာကွယ်ရေးအတွက် ခြင်ဆေးဖျန်းခြင်း၊ သောက်သုံးရေများအတွင်း အဘိတ် ဆေးခတ်ခြင်းစသည့် လုပ်ငန်းများနှင့် ကျန်းမာရေးအသိပညာပေးလုပ်ငန်းများကို ရပ်ကွက်(၁၉) ရပ်ကွက်အလိုက် စဉ်ဆက်မပြတ် ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။
ဆောင်းနှင်းဖြူ (ပြန်/ဆက်)