မြစ်ကြီးနား ဇွန် ၈
ကချင်ပြည်နယ်အစိုးရဖွဲ့အနေဖြင့် မြစ်ကြီးနားမြို့အား မြို့တော်အင်္ဂါရပ်နှင့်အညီ သန့်ရှင်းသပ်ရပ်ပြီး စိမ်းလန်းစိုပြည်သည့် ပန်းမြို့တော်ဖြစ်လာစေရေးအတွက် ကြိုးပမ်းဆောင်ရွက်လျက်ရှိရာ ပြည်နယ်ဝန်ကြီးချုပ် ဦးခက်ထိန်နန်သည် ယမန်နေ့ နံနက်ပိုင်းက မြစ်ကြီးနားမြို့ သန့်ရှင်းသာယာလှပရေး အတွက် စုပေါင်းသန့်ရှင်းရေးဆောင်ရွက်ခဲ့သည်။
ထိုသို့ စုပေါင်းသန့်ရှင်းရေး ဆောင်ရွက်ရာတွင် ပြည်နယ်ဝန်ကြီးချုပ်သည် ပြည်နယ်သယံဇာတ ရေးရာဝန်ကြီး ဦးတိန့်ဆောင်၊ စည်ပင်သာယာရေးအဖွဲ့ အရာထမ်း/ အမှုထမ်းများ၊ Kachin State Clean & Green Team အဖွဲ့ဝင်များနှင့်အတူ မြစ်ကြီးနားမြို့ သီတာရပ်ကွက် ဗိုလ်ချုပ်အောင်ဆန်း လမ်းတစ်လျှောက်ရှိ သက်တမ်းရင့် သစ်ပင်ကြီးများအား မိုးရာသီဖြစ်သည့်အတွက် လမ်းသွားလမ်း လာပြည်သူများအား အန္တရာယ်ကင်းရှင်းစေရေး သစ်ကိုင်းများ ဖြတ်တောက်ခုတ်ထွင်ရှင်းလင်းခြင်းကို စုပေါင်းဆောင်ရွက်ခဲ့ကြသည်။
ယင်းနောက် ပြည်နယ်ဝန်ကြီးချုပ်သည် ပြည်နယ်တရားလွှတ်တော်တရားသူကြီးချုပ်၊ ပြည်နယ်ဝန်ကြီးများနှင့်အတူ ပြည်သူ့အားကစားကွင်းအတွင်း ပြည်နယ်အားကစားနှင့်ကာယပညာဦးစီးဌာန ရုံးခန်းမ၌ ၂၀၂၄ ခုနှစ် တိုင်းဒေသကြီးနှင့် ပြည်နယ်ရေကူးပြိုင်ပွဲသို့ သွားရောက်ယှဉ်ပြိုင်ကြမည့် ပြည်နယ်လက်ရွေးစင်ရေကူးအသင်းအား အောင်နိုင်ရေးအလံပေးအပ်ပွဲသို့ တက်ရောက်သည်။
အဆိုပါ အောင်နိုင်ရေးအလံပေးအပ်ပွဲတွင် လက်ရွေးစင်ရေကူးကစားသမားများက တစ်ဦးချင်း မိတ်ဆက်ခဲ့ကြရာ ပြည်နယ်ဝန်ကြီးချုပ်က လက်ရွေးစင်အားကစားသမားများအနေဖြင့် ပြိုင်ပွဲမှ ဆုတံဆိပ်များ ဆွတ်ခူးပြီး ပြည်နယ်ဂုဏ်ဆောင် အားကစားသမားများဖြစ်အောင် ကြိုးစားယှဉ်ပြိုင် ကြရန်လိုကြောင်း အားပေးတိုက်တွန်းပြောကြားရာ အသင်းနည်းပြက ကြိုတင်ပြင်ဆင်လေ့ကျင့်ထား ရှိမှု အခြေအနေများကို ရှင်းလင်းတင်ပြသည်။
ဆက်လက်၍ ပြည်နယ်ဝန်ကြီးချုပ်က လက်ရွေးစင်ရေကူးအသင်း နည်းပြနှင့် အားကစားသမားများအတွက် အောင်နိုင်ရေးအလံနှင့် ထောက်ပံ့ငွေကျပ်သိန်း ၃၀ အား ပေးအပ်ချီးမြှင့်ပြီး နေပြည်တော် တွင် ကျင်းပပြုလုပ်သည့် တိုင်းဒေသကြီးနှင့် ပြည်နယ်ဂျူဒိုပြိုင်ပွဲတွင် ပြည်နယ်လက် ရွေးစင်အသင်း အနေဖြင့် ရွှေ (၇)ခု၊ ကြေး(၃)ခုဖြင့် အမျိုးသမီးတံခွန်စိုက်ဆုနှင့် စုပေါင်းတံခွန်စိုက်ဆု ရရှိသည့် အတွက် ချီးမြှင့်ငွေကျပ် ၁၅ သိန်းကို ပေးအပ်ချီးမြှင့်ခဲ့သည်။
အလားတူ မွန်းလွဲပိုင်းတွင် မြစ်ကြီးနားမြို့ အမှတ်(၁) အခြေခံပညာအထက်တန်းကျောင်း အေးမြ သီတာခန်းမ၌ နယ်မြေမတည်ငြိမ်မှုဖြစ်စဉ်များကြောင့် မြစ်ကြီးနား၊ အင်ဂျန်းယန်၊ ဆွမ်ပရာဘွမ်၊ ဆော့လော်မြို့နယ်များမှ ယာယီတိမ်းရှောင်လာသော အခြေခံပညာဆရာ၊ ဆရာမ (၂၉၂)ဦးတို့အား ဆန်နှင့် ခေါက်ဆွဲခြောက်ဖာများ ထောက်ပံ့ပေးအပ်ပွဲကို ကျင်းပပြုလုပ်သည်။
ထောက်ပံ့ပေးအပ်ပွဲတွင် ပြည်နယ်ဝန်ကြီးချုပ်က ဆရာ၊ ဆရာမများအနေဖြင့် နယ်မြေအခြေအနေ အရ မူလတာဝန်ကျရာ ဒေသများတွင် သွားရောက်တာဝန်ထမ်းဆောင်နိုင်မှုမရှိခြင်း၊ တာဝန်ကျရာ ဒေသမှ တိမ်းရှောင်လာရခြင်းတို့ကြောင့် ပြည်နယ်ပညာရေးမှူးရုံးအပါအဝင် မြို့ပေါ်အခြေခံပညာ ကျောင်းများတွင် ယာယီတွဲဖက်နေရာချထားပေးသည်ကို သိရှိရပါကြောင်း၊ သို့ဖြစ်ပါ၍ မိမိတို့ ပြည်နယ်အစိုးရအဖွဲ့အနေဖြင့် ယခုလို စိတ်ဓာတ်ခွန်အားပေးရန် လာရောက်ခြင်းဖြစ်သည့်အပြင် လတ်တလော နေထိုင်စားသောက်မှုအဆင်ပြေစေရေးအတွက်ကိုလည်း တတ်နိုင်သလောက် လာရောက်ထောက်ပံ့ခြင်းဖြစ်ကြောင်း၊ ထို့အပြင် ဆရာ၊ ဆရာမများအနေဖြင့် ယာယီတွဲဖက် တာဝန်များကို ထမ်းဆောင်သည့်အခါတွင်လည်း ဝန်ထမ်းစည်းမျဉ်းစည်းကမ်းများနှင့်အညီ နေထိုင် ကျင့်ကြံသွားရန်လိုကြောင်း အားပေးပြောကြားသည်။
ဆက်လက်၍ ပြည်နယ်ဝန်ကြီးချုပ်၊ ပြည်နယ်တရားလွှတ်တော်တရားသူကြီးချုပ်၊ ပြည်နယ် ဝန်ကြီးများ၊ ပြည်နယ်ဥပဒေချုပ်တို့က ယာယီတိမ်းရှောင်လာသည့် မြစ်ကြီးနားမြို့နယ်အတွင်းမှ ဆရာ၊ ဆရာမ (၁၈၅)ဦး၊ အင်ဂျန်းယန်မြို့နယ်မှ (၂၁)ဦး၊ ဆော့လောမြို့နယ်မှ (၅၁)ဦး စုစုပေါင်း (၂၉၂) ဦးတို့အတွက် အမျိုးသားသဘာဝဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုကော်မတီက ထောက်ပံ့သည့် ဆန်အိတ် (၁၅၀)နှင့် ပြည်နယ်အစိုးရအဖွဲ့က ထောက်ပံ့သည့် ခေါက်ဆွဲခြောက်ဖာ (၁၅၀)တို့ကို အသီးသီးထောက်ပံ့ပေးအပ်ခဲ့ကြသည်။
ထိုမှတစ်ဆင့် ပြည်နယ်ဝန်ကြီးချုပ်နှင့် အဖွဲ့ဝင်များသည် ပြည်နယ်အသေးစားစက်မှုလက်မှုလုပ်ငန်း ဦးစီးဌာန၊ လေ့ကျင့်ပျိုးထောင်ရေးစင်တာ၌ ကျင်းပပြုလုပ်သည့် ဒေသတွင်း တိုင်းရင်းသား လူငယ် လူရွယ်များအတွက်လူသုံးကုန်ထုတ်လုပ်မှုနည်းပညာ သင်တန်းဆင်းပွဲသို့ တက်ရောက်ပြီး သင်တန်းမှ သင်ကြားပို့ချမှုများကို အမှန်တကယ်အသုံးချ ထုတ်လုပ်ခြင်းအားဖြင့် မိသားစုအဆင့် အသေးစား ထုတ်လုပ်သူများအဆင့်မှ ပုဂ္ဂလိကစီးပွားရေးကဏ္ဍ ဖွံ့ဖြိုးတိုးတက်လာမည်ဖြစ်သည့် အပြင် နိုင်ငံ့စီးပွားရေးကို တစ်ဖက်တစ်လမ်းမှ အထောက်အကူပြုလာမည်ဖြစ်ပါကြောင်း မှာကြားသည်။
ဆက်လက်၍ ပြည်နယ်ဝန်ကြီးချုပ်က သင်တန်းထူးချွန် ပထမဆုရ သင်တန်းသူအားလည်း ကောင်း၊ ပြည်နယ်ဝန်ကြီးများက သင်တန်းထူးချွန် ဒုတိယ၊ တတိယဆုရရှိသူများနှင့် သင်တန်းဆင်းလက်မှတ် များကို လည်းကောင်း၊ သင်တန်းသားများ၏ သင်တန်းမှ လက်တွေ့ထုတ်လုပ်သည့် လူသုံးကုန် ပစ္စည်းများကိုလည်းကောင်း အသီးသီးပေးအပ်ခဲ့ကြပြီး သင်တန်းသား၊ သင်တန်းသူများ၏ လက်တွေ့ထုတ်လုပ်ထားသည့် လူသုံးကုန်ပစ္စည်းများကို လှည့်လည်ကြည့်ရှုစစ်ဆေးခဲ့ကြသည်။
ထို့အပြင် ပြည်နယ်ဝန်ကြီးချုပ်သည် ဇွန် ၆ ရက် ညနေ ၄ နာရီတွင် ပြည်နယ်ဝန်ကြီးများ၊ ဌာန ဆိုင်ရာတာဝန်ရှိသူများနှင့်အတူ မြစ်ကြီးနားမြို့ ရွှေစက်ရပ်ကွက်၊ နယ်မြေ (၃)အတွင်းရှိ ဒေါ်ဇယ်နော ၏ နေအိမ်ခြံဝင်းအတွင်း ဝိုင်းမော်မြို့နယ်အတွင်း နယ်မြေမတည်ငြိမ်မှုဖြစ်စဉ်များကြောင့် စန်းကား ကျေးရွာမှ ယာယီလာရောက်ခိုလှုံနေထိုင်မည့် အိမ်ထောင်စု(၃၃)စု၊ လူဦးရေ (၁၄၀)ဦးတို့အတွက် ဝါးဖြင့် ဆောက်လုပ်လျက်ရှိသည့် ယာယီနေအိမ်တန်းလျားများ တည်ဆောက်နေမှုအခြေအနေများ ကို သွားရောက်ကြည့်ရှုစစ်ဆေးပြီး စခန်းတာဝန်ရှိသူများ၏ ရှင်းလင်းတင်ပြမှုအပေါ် ပြည်နယ် ဝန်ကြီးချုပ်က ယာယီနေအိမ်များ အမြန်ဆုံးဆောက်လုပ်ပြီးစီးရေးနှင့် မိသားစုများ လုံခြုံစွာနေထိုင် နိုင်ရေး အမိုး/အကာနှင့် ကြမ်းခင်းအတွက် လိုအပ်သည့် ငွေကျပ် (၃၅)သိန်းကို ထောက်ပံ့ပေးအပ်ခဲ့သည့်အပြင် ရေတွင်း (၁)တွင်း တူးဖော်ပေးနိုင်ရေး၊ ရေအိမ်သာ (၆)လုံး အမြန်ဆုံးစီစဉ်ပေးနိုင်ရေး ဌာနဆိုင်ရာတာဝန်ရှိသူများနှင့် ပေါင်းစပ်ညှိနှိုင်း၍ ဖြည့်ဆည်းဆောင်ရွက်ပေးခဲ့သည်။
ယင်းနောက် ပြည်နယ်ဝန်ကြီးချုပ်နှင့် အဖွဲ့ဝင်များသည် မြစ်ကြီးနားမြို့ ဆွမ်ပရာဘွမ်လမ်းနှင့် ပြည်ထောင်စုလမ်းစုံနေရာမှ ပြည်ထောင်စုလမ်းမကြီးတစ်လျှောက် အများပြည်သူ ယာဉ်အန္တရာယ် ကင်းရှင်းရေးနှင့် ယာဉ်ကြောပိတ်စို့မှုမှ ကာကွယ်နိုင်ရေး ယာဉ်ငယ်များနှင့် မော်တော်ဆိုင်ကယ်များ စနစ်တကျ လမ်းဖြတ်ကျော်သွားလာနိုင်ရေးအတွက် လမ်းလယ်ကျွန်းနေရာများရှိ လမ်းဖြတ်ကူးသည့် နေရာများတွင် ကွန်ကရစ်ကပ်တုံးများပြုလုပ်၍ စက္ကူပန်းအိုးများဖြင့် စနစ်တကျ ပြုပြင်ဆောင်ရွက် ထားရှိမှုများကို လှည့်လည်ကြည့်ရှုစစ်ဆေးပြီး လိုအပ်သည်များ ပြင်ဆင်ဆောင်ရွက်နိုင်ရေးအတွက် စည်ပင်သာယာရေးအဖွဲ့ တာဝန်ရှိသူများနှင့် ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။
ပြည်နယ် (ပြန်/ဆက်)