ကျိုက်မရော ဇွန် ၇
ကျိုက်မရောမြို့၌ စာပေချစ်သူများအသင်း (Book Club) နှင့် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနတို့ ပူးပေါင်း၍ စာရေးဆရာမ ခင်ဆွေဦး ရေးသားသည့် “အင်ကြင်းရဂုံစာအုပ်” ဖြင့် စာဖတ်ရှိန်မြှင့်တင်ရေး စာဖတ်ဝိုင်းဆွေးနွေးပွဲကို ယနေ့ နံနက်ပိုင်းက လူထုအခြေပြုဗဟိုဌာန (ကျိုက်မရော) ခန်းမ၌ ပြုလုပ်ခဲ့သည်။
ဦးစွာ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ဦးစီးအရာရှိ ဒေါ်ချိုမြတ်မြတ်ထွေးက လူတိုင်းစာဖတ်ခွင့်ရရှိရေးနှင့် စာဖတ်သည့် အလေ့အကျင့်များရရှိစေရန်၊ စာပေမှတစ်ဆင့် အသိပညာဗဟုသုတများ တိုးပွားစေရန်အတွက် စာဖတ်ဝိုင်းများကို ပြုလုပ်ရခြင်းဖြစ်ကြောင်း ဆွေးနွေးခဲ့သည်။
ထို့နောက် Book Club အဖွဲ့ဝင် ဦးဘဏ်ဝင်းမှ အင်ကြင်းရဂုံစာအုပ်ပါ အခန်း (၁၀) မှ အကြောင်းအရာများအား ဖတ်ကြားပြီး အဖွဲ့ဝင် ဒေါ်မြင့်မြင့်သန်းက စာအုပ်မှရရှိသော အတွေးအမြင်ရသများကို ဖတ်ကြားဆွေးနွေးခဲ့ကြသည်။ ဆက်လက်၍ တက်ရောက်လာသော စာပေချစ်သူများက စာရေးဆရာ ခင်ဆွေဦး၏ စာအုပ်များမှ ယခုဖတ်ရူရသော စာအုပ်မှ ခံစားချက်များ ဗဟုသုတများကို တစ်ဦးနှင့်တစ်ဦး အပြန်အလှန် ဆွေးနွေးခဲ့ကြကြောင်း သိရသည်။
မိချို(ပြန်/ဆက်)