ညောင်ဦး ဇွန် ၇
မန္တလေးတိုင်းဒေသကြီး၊ ညောင်ဦးခရိုင်၊ ညောင်ဦးမြို့နယ် အနော်ရထာမင်းကြီးနှင့် ကျန်စစ်သားမင်းကြီးတည်ထားကိုးကွယ်ခဲ့သည့် ရွှေစည်းခုံစေတီတော်ကြီး လုံးတော်ပြည့် ရွှေသင်္ကန်းကပ်လှူပူဇော်နိုင်ရန် ကြာမှောက်၊ ကြာလှန်နှင့် ရွဲလုံးကြီးများရှိ ရွှေပြားများ ပြန်လည်ပြုပြင်၍ ရွှေသင်္ကန်းကပ်လှူပူဇော်နိုင်ရေးနှင့် ကြာခံကြီး၊ ကြေးဝန်း၊ ရှစ်မြှောင့်ချိုး၊ အရန်စေတီ (၄)ဆူ၊ အထက်ပစ္စယံတို့အား ရွှေသင်္ကန်းကပ်လှူနိုင်ရေး၊ ရွှေမိုက်ထုတ်ယူနိုင်ရေးလုပ်ငန်းများအတွက် ငြမ်းဆင်ခြင်းလုပ်သားခေါ်ယူခြင်းအတွက် ဈေးပြိုင်လေလံတင်ဒါပွဲအခမ်းအနားအား ရွှေစည်းခုံစေတီတော်ကြီး အရှေ့တောင်ထောင့်ရှိ အင်္ဂါထောင့်တန်ဆောင်းတော်အတွင်း ယနေ့နံနက် ၉ နာရီခွဲအချိန်က ကျင်းပခဲ့သည်။
ရွှေစည်းခုံစေတီတော်ကြီး ကြာမှောက်၊ ကြာလှန်နှင့် ရွဲလုံးကြီးများရှိ ရွှေစင်၊ ရွှေပြားများ ပြန်လည်သန့်စင်ခြင်း ရွှေသင်္ကန်းကပ်လှူပူဇော်နိုင်ရေးနှင့် ကြာခံကြီး၊ ကြေးဝန်း၊ ရှစ်မြှောင့်ချိုး၊ အရန်စေတီ (၄)ဆူ၊ အထက်ပစ္စယံတို့အား ရွှေသင်္ကန်းကပ်လှူနိုင်ရေး၊ ရွှေမိုက်ထုတ်ယူနိုင်ရေး ရွှေသင်္ကန်းပြန်လည်ကပ်လှူမည်ဖြစ်ရာ ပျက်စီးယိုယွင်းနေသည့် ကြေးပြားများပေါ်မှ ရွှေစင်ရွှေသားများ ပြန်လည်ကပ်လှူမည်ဖြစ်ကြောင်း၊ ရွှေစည်းခုံစေတီတော်ကြီး လုံးတော်ပြည့် ရွှေသင်္ကန်းကပ်လှူပူဇော်နိုင်ရေး ငြမ်းဆင်ခြင်းလုပ်သား ဈေးပြိုင်တင်ဒါလေလံပွဲ၌ ညောင်ဦးခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့၊ အတွင်းရေးမှူး ဒုတိယ ရဲမှူးကြီး မြင့်ဆွေက အဖွင့်အမှာစကားပြောကြားပြီး ငြမ်းဆင်ခြင်းလုပ်သား ဈေးပြိုင်တင်ဒါခေါ်ယူခြင်း စည်းကမ်းချက်များအား ရွှေစည်းခုံစေတီတော်ကြီး ဘဏ္ဍာတော်ထိန်း ဂေါပကအတွင်းရေးမှူး ဦးဝင်းမောင်မြင့်က တင်ဒါစည်းကမ်းချက်များအား ပြောကြားကာ ငြမ်းဆင်ခြင်းလုပ်သား ဈေးပြိုင်တင်ဒါလေလံပွဲအား ကျင်းပခဲ့ကြောင်း သိရသည်။
ရွှေစည်းခုံစေတီတော်ကြီးလုံးတော်ပြည့် ရွှေသင်္ကန်းကပ်လှူရန်အတွက် သဒ္ဓါတရားနည်းများမဆို ပါဝင်လှူဒါန်းနိုင်ပြီး ကြာမှောက်၊ ကြာလန်နှင့် ရွဲတို့မှအပ ရွှေစည်းခုံစေတီတော်ကြီးအား မျက်ပါးရွှေဆိုင်း (၂၆၀၀၀)ဖြင့် ရွှေသင်္ကန်းဆက်ကပ်လှူဒါန်းမည်ဖြစ်ရာ နှစ်လက်မပတ်လည် မျက်ပါးရွှေဆိုင်းတစ်ဆိုင်းလျှင် တစ်သိန်းခွဲကျပ်ဖြင့် ရွှေစည်းခုံဘုရားဂေါပကအဖွဲ့ရုံးသို့ တိုက်ရိုက်ဖြစ်စေ၊ ညောင်ဦးခရိုင်/မြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌထံတို့တွင်လည်း KBZ Pay တို့ဖြင့် လှူဒါန်းနိုင်ကြောင်း သိရသည်။
ဒီပါလင်း