မိုးညှင်းမြို့၌ ၂၀၂၄ ခုနှစ် လူဦးရေနှင့် အိမ်အကြောင်းအရာ သန်းခေါင်စာရင်းကောက်ယူရေး အသိပညာပေးဆိုင်းဘုတ် စိုက်ထူ

မိုးညှင်း ဇွန် ၇

ကချင်ပြည်နယ် မိုးညှင်းခရိုင် မိုးညှင်းမြို့တွင် ၂၀၂၄ ခုနှစ် လူဦးရေးနှင့်အိမ်အကြောင်းအရာ သန်းခေါင်စာရင်းကောက်ယူရေး လူထုအသိပညာပေး Billboard စိုက်ထူခြင်းအခမ်းအနားကို ယနေ့နံနက်(၉)နာရီခွဲမှစတင်၍ အောင်သပြေရပ်ကွက်ရှိ စုပေါင်းရုံးအနီ မီးပွိုင့်လမ်းဆုံနေရာနှင့် နားခါရပ်ကွက် အထင်ကရဆင်ရုပ်ကြီးအနီး မြို့လယ်လမ်းဆုံနေရာတို့တွင် ကျင်းပခဲ့ကြောင်း သိရသည်။

ဦးစွာ ၂၀၂၄ ခုနှစ် လူဦးရေးနှင့် အိမ်အကြောင်းအရာ သန်းခေါင်စာရင်းကောက်ယူရေး လူထုအသိပညာပေး Billboard စိုက်ထူကြခြင်းအခမ်းအနားတွင် သတ်မှတ်နေရာများ၌ ခရိုင်/မြို့နယ်သန်းခေါင်စာရင်းကော်မတီဥက္ကဋ္ဌများနှင့် အဖွဲ့ဝင်များက ဖဲကြိုးဖြတ်ဖွင့်လှစ်ကြပြီး “ပြည်သူအားလုံးပါဝင်လို့ သန်းခေါင်စာရင်းကောက်ကြစို့” ဟူသောဆောင်ပုဒ်ပါဆိုင်းဘုတ်များအား အမွှေးနံ့သာရည်များဖြင့် ပက်ဖျန်းပေးကြကာ တက်ရောက်လာကြသူများက အမှတ်တရ စုပေါင်းမှတ်တမ်းတင်ဓါတ်ပုံများ ရိုက်ကူးခဲ့ကြကြောင်း သိရသည်။

အဆိုပါ အသိပညာပေးဆိုင်းဘုတ် စိုက်ထူကြခြင်းအခမ်းအနားကို ခရိုင်သန်းခေါင်စာရင်းကော်မတီဥက္ကဋ္ဌ ဦးညီညီလွင်၊ ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဝင် ဒုတိယဗိုလ်မှူးကြီး ရဲရင့်ကျော်နှင့် ကော်မတီအတွင်းရေးမှူး လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာန ခရိုင်ဦးစီးမှူး ဦးတင့်လွင်ဦး၊ မြို့နယ်သန်းခေါင်စာရင်းကော်မတီဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ ခရိုင်/မြို့နယ်မှ သက်ဆိုင်ရာဌာနဆိုင်ရာများ၊ အမျိုးသမီးရေးရာအဖွဲ့ဝင်များနှင့် မိခင်နှင့်ကလေးစောင့်ရှောက်ရေးအသင်းဝင်များ တက်ရောက်ခဲ့ကြကြောင်း သိရသည်။

ရွှေမိုးညှင်း