စစ်တွေ ဇွန် ၇
နိုင်ငံတစ်ဝန်းစာကြည့်တိုက်များ ဖွံ့ဖြိုးတိုးတက်ရေးအတွက် စာကြည့်တိုက်အဆောက်အုံနှင့် စာအုပ်၊ စာစောင်များ လှူဒါန်းပွဲ ယနေ့နံနက်ပိုင်းက စစ်တွေမြို့၊ ခိုင်သဇင်ခန်းမ၌ကျင်းပရာ ရခိုင်ပြည်နယ်ဝန်ကြီးချုပ် ဦးထိန်လင်း၊ ပြည်နယ်တရားလွှတ်တော်တရားသူကြီးချုပ်၊ ပြည်နယ်အစိုးရအဖွဲ့ဝင်များ၊ ဌာနဆိုင်ရာများ၊ ပြည်နယ်စာကြည့်တိုက်ဖောင်ဒေးရှင်းအဖွဲ့ဝင်များ၊ မြို့မိ၊ မြို့ဖများ၊ ဆရာ၊ ဆရာမများနှင့် ကျောင်းသား၊ ကျောင်းသူများ၊ ရပ်ကွက်အုပ်ချုပ်ရေးမှူးများနှင့် စာကြည့်တိုက်မှူးများ၊ လူမှုရေးအဖွဲ့အစည်းများမှ ကိုယ်စားလှယ်များနှင့် ဖိတ်ကြားထားသူများ တက်ရောက်ကြသည်။
ဦးစွာအခမ်းအနားကို စစ်တွေမြို့၊ အမှတ်(၂)အခြေခံပညာအထက်တန်းကျောင်းမှ ကျောင်းသား၊ ကျောင်းသူလေးများက ပညာဘဏ်တိုက်စာကြည့်တိုက်သို့သွားကြစို့ သီချင်းဖြင့် သီဆိုဖွင့်လှစ်ကြပြီး စာဖတ်ရှိန်မြှင့်တင်ရေးဆိုင်ရာ စာပဒေသာဝေဆာစေမည် ဗီဒီယိုအား ပြသသည်။
ထို့နောက် ရခိုင်ပြည်နယ်ဝန်ကြီးချုပ် ဦးထိန်လင်းက ယနေ့အချိန်အခါတွင် နိုင်ငံတော်အစိုးရ၏ ဦးဆောင်မှုဖြင့် စာကြည့်တိုက်များဖွံ့ဖြိုးတိုးတက်ရေးနှင့် စာဖတ်ရှိန်မြှင့်တင်ရေးလှုပ်ရှားမှုများကို တိုင်းဒေသကြီး၊ ပြည်နယ်အသီးသီးတွင် အရှိန်အဟုန်မြှင့် ဆောင်ရွက်နေကြခြင်းဖြစ်ကြောင်း၊ စာကြည့် တိုက်များဖွံ့ဖြိုးတိုးတက်ရေးအတွက် ဆောင်ရွက်ခဲ့မှုများကို ပြန်လည်လေ့လာကြည့်သည့်အခါ နိုင်ငံတော်အနေဖြင့် ယခုမှစီမံဆောင်ရွက်ခဲ့ခြင်း မဟုတ်ဘဲ နိုင်ငံတော်အေးချမ်းသာယာရေးနှင့်ဖွံ့ဖြိုးရေး ကောင်စီ လက်ထက်ကတည်းက စီမံဆောင်ရွက်ခဲ့ခြင်းဖြစ်ကြောင်း၊ တိုင်းပြည်ဖွံ့ဖြိုးတိုးတက်ရေးအတွက် အရေးကြီး လှသည့် ပညာတတ်များ၊ လူသားအရင်းအမြစ်ကောင်းများ ပေါ်ထွက်လာစေရန် နိုင်ငံတော်အနေဖြင့် အထူးဖွံ့ဖြိုးရေးဇုံ (၂၄)ဇုံ သတ်မှတ်ပြီး အဆိုပါဒေသများတွင် ဝိဇ္ဇာ၊ သိပ္ပံ၊ နည်းပညာ၊ ကွန်ပျူတာ၊ စီးပွားရေး၊ စိုက်ပျိုးမွေးမြူရေး၊ ဆေးပညာစသည့် ဘာသာစုံတက္ကသိုလ်၊ ကောလိပ်များ ဖွင့်လှစ်နိုင်ရေးဆောင်ရွက်ခဲ့ကြောင်း၊ တစ်ဆက်တည်းမှာပင် တစ်နိုင်ငံလုံးတွင် ရပ်ကွက်၊ ကျေးရွာကိုယ့်အား ကိုယ်ကိုးစာကြည့်တိုက်များ ဖွင့်လှစ်နိုင်ရေးအတွက် ၂၀၀၄ ခုနှစ်မှစတင်ပြီး ကျေးရွာကိုယ့်အားကိုယ်ကိုးစာကြည့်တိုက်များ ဖွံ့ဖြိုးရေး စီမံကိန်းကို တစ်နိုင်ငံလုံးအတိုင်းအတာဖြင့် ကျယ်ကျယ်ပြန့်ပြန့် ဆောင်ရွက်ခဲ့သည်ကို တွေ့ရှိရမည်ဖြစ်ကြောင်း၊ မိမိတို့နိုင်ငံတွင် ပညာနှင့်ပတ်သက်၍ လိုအပ်ချက်များရှိနေခြင်းကြောင့် ပညာဗဟုသုတပြည့်စုံကြွယ်ဝရေးအတွက် အလွယ်ကူဆုံးနှင့်အထိ ရောက်ဆုံးဆောင်ရွက်နိုင်သည့် စာကြည့်တိုက်များ ဖွံ့ဖြိုးတိုးတက်ရေးနှင့် စာဖတ်ရှိန်မြှင့်တင်ရေးလုပ်ငန်းများကို စဉ်ဆက်မပြတ် အရှိန်အဟုန်ဖြင့် ဆောင်ရွက်ကြရမည်ဖြစ်ကြောင်း၊ နိုင်ငံတော်အကြီးအကဲက စာကြည့်တိုက်များ ပြန်လည်ထူထောင် ဆက်လက် ရပ်တည်နိုင်ရေးနှင့် စာဖတ်ရှိန်မြှင့်တင်ရေးလုပ်ငန်းများ ဆောင်ရွက်ရန် လမ်းညွှန်မှာကြားထားကြောင်း၊ ယခုကဲ့သို့စာကြည့်တိုက်များ ဖွံ့ဖြိုးတိုးတက်ရေးအတွက် အစီအမံများချမှတ်ဆောင်ရွက်နေသကဲ့သို့ ဗလငါးတန်နှင့်ပြည့်စုံသော လူငယ်များပေါ်ထွန်းလာစေရန်ရည်ရွယ်ပြီး စာဖတ်ရှိန်မြှင့်တင်ရေးလှုပ်ရှားမှုများကိုလည်း အခြေခံပညာကျောင်းများကိုအခြေခံပြီး ဆောင်ရွက်ကြရမည်ဖြစ်ကြောင်း၊ ကျောင်းသား၊ ကျောင်းသူ လူငယ်မောင်မယ်များသည် နောင်တစ်ချိန်တွင် နိုင်ငံ၏မျိုးဆက်သစ် ခေါင်းဆောင်များဖြစ်လာကြမည်ကြောင်း၊ နိုင်ငံ တစ်ခုဖွံ့ဖြိုးတိုးတက်ရေးအတွက် ပညာတတ်များပေါကြွယ်ဝရန်လိုအပ်ကြောင်း၊ ပညာတတ် ပေါကြွယ်ဝသည့်နိုင်ငံများသည် အသိပညာကြွယ်ဝကြသဖြင့် တည်တည်ငြိမ်ငြိမ်ဖြင့် ဆောင်ရွက်နိုင်ပြီး၊ နိုင်ငံရေးနှင့်ပတ်သက်၍ သဘောထားကွဲလွဲမှုများကို နိုင်ငံရေးယဉ်ကျေးမှုဖြင့်သာ ဖြေရှင်းကြသည်ကို တွေ့ရှိရမည်ဖြစ်ကြောင်း၊ လူငယ်များ၏အသိဉာဏ်ပညာမြင့်မားအောင် လုပ်ဆောင်ကြရာမှာ စာကြည့်တိုက်များ၏ အခန်းကဏ္ဍနှင့် စာကြည့်တိုက်ယဉ်ကျေးမှုထွန်းကားရေးသည် အရေးကြီးသည်ကို တွေ့မြင်ရမည်ဖြစ်ကြောင်း၊ ယနေ့ခေတ်တွင် အွန်လိုင်းမီဒီယာများ၌ စာပေဖတ်ရှုနိုင်ခြင်းဖြစ်သော်လည်း အဆိပ်အတောက် သတင်းအချက်အလက်များ လွှမ်းမိုးနေခြင်းဖြစ်၍ မိမိဘဝကိုအကျိုးရှိစေမည့် စာပေများကို ရွေးချယ် ဖတ်ရှုကြရန် အရေးကြီးကြောင်း၊ ရခိုင်ပြည်နယ်အတွင်းမှာလည်း ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေး ဦးစီးဌာနက ဖွင့်လှစ်ထားသည့် ပြည်သူ့စာကြည့်တိုက်(၂၁)တိုက်နှင့် စံနှင့်ညီသည့် စာကြည့်တိုက်(၁၅၃)တိုက်ရှိခဲ့ကြောင်း၊ ထိုအထဲတွင် မိုခါမုန်တိုင်းကြောင့် ထိခိုက်ပျက်စီးခဲ့သည် စာကြည့်တိုက်များ၊ နယ်မြေအခြေအနေအရ ပြန်လည်ဖွင့်လှစ်နိုင်ခြင်းမရှိသေးသည့် စာကြည့်တိုက်များလည်းရှိနေကြောင်း၊ ရခိုင်ပြည်နယ်အစိုးရအဖွဲ့အနေဖြင့် မူလကပင်စာကြည့်တိုက် ဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းများကို အားပေးဆောင်ရွက်ခဲ့ကြောင်း၊ ယမန်နှစ်က ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန စာကြည့်တိုက်များတွင် လိုအပ်သည့် စာအုပ်တင်သံစင်များ၊ စာအုပ်ဘီရိုများကို ထောက်ပံ့ပေးအပ်ခဲ့ကြောင်း၊ ယခုနှစ်တွင်လည်း ကျေးရွာစာကြည့်တိုက်များအတွက် စာအုပ်စာစောင်များ လှူဒါန်းမှုကို (၂)ကြိမ် ဆောင်ရွက်ခဲ့ပြီးဖြစ်ကြောင်း၊ ဆက်လက်ပြီးလည်း စာကြည့်တိုက်များရှင်သန်ခိုင်မာရေးနှင့် စာဖတ်ရှိန်မြှင့်တင်ရေး လှုပ်ရှားမှုများကို စဉ်ဆက်မပြတ်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း၊ ယနေ့လှူဒါန်းရရှိသည့် စာကြည့်တိုက် အဆောက်အအုံ(၂)လုံးအတွက် လှူဒါန်းငွေများကိုလည်း ဒေသတွင်း စာကြည့်တိုက်ဖွံ့ဖြိုးရေးလုပ်ငန်းများတွင် ပြန်လည်အသုံးပြုသွားမည်ဖြစ်ကြောင်းနှင့် မိမိတို့နိုင်ငံ၏အနာဂါတ်တွင် အသိပညာ၊ အတတ်ပညာကြွယ်ဝသည့် လူသားအရင်းအမြစ်ကောင်းများ ပေါ်ထွက်လာရေးအတွက် ပြည်သူလူထု၏ အားသည်လည်း အရေးကြီးခြင်းကြောင့် မွန်မြတ်လှသော စာပေအသိပညာပြန့်ပွားရေးအတွက် စာကြည့်တိုက်အဆောက်အအုံများ၊ စာအုပ်၊ စာစောင်များကို လှူဒါန်းမှုပြုခဲ့ကြသော စေတနာရှင်၊ အလှူရှင်များကိုလည်း လှိုက်လှိုက်လှဲလှဲ ကျေးဇူးတင်ရှိကြောင်းပြောကြားသည်။
ဆက်လက်၍ ရခိုင်ပြည်နယ်ဝန်ကြီးချုပ် ဦးထိန်လင်းက နိုင်ငံတစ်ဝန်းစာကြည့်တိုက်များ ဖွံ့ဖြိုးတိုးတက်ရေးအတွက် ရခိုင်ပြည်နယ် အစိုးရအဖွဲ့က လှူဒါန်းသည့်စာကြည့်တိုက်(၁)လုံးနှင့် စစ်တွေမြို့ရှိ လုပ်ငန်းရှင်များက လှူဒါန်းသည့် စာကြည့်တိုက်(၁)လုံး၊ စုစုပေါင်းစာကြည့်တိုက် အဆောက်အုံ(၂)လုံးအတွက် အလှူငွေ ကျပ်သိန်း(၃၀၀)နှင့် စာအုပ်၊ စာစောင်များအား ပေးအပ်လှူဒါန်းသည်။
ယင်းနောက်စာကြည့်တိုက်များ ဖွံ့ဖြိုးတိုးတက်ရေးနှင့် စာဖတ်ရှိန်မြှင့်တင်ရေးလှုပ်ရှားမှုအဖြစ် ရခိုင်ပြည်နယ်စာကြည့်တိုက်ဖောင်ဒေးရှင်းအတွင်းရေးမှူး စာရေးဆရာအောင်ကြည်မိုး(သင်ပုန်းတန်း)က စာပေလေ့လာဖတ်ရှုမှု အကျိုးကျေးဇူးများ ခေါင်းစဉ်ဖြင့်ဟောပြောသည်။
ထို့နောက်ပြည်နယ်ဝန်ကြီးချုပ်နှင့်အဖွဲ့သည် အခမ်းအနားသို့ တက်ရောက်လာကြသူများအား ရင်းရင်းနှီးနှီး တွေ့ဆုံနှုတ်ဆက်ပြီး ခန်းမအတွင်း ခင်းကျင်းပြသထားသည့် စာအုပ်၊ စာစောင်များ၊ အသိပညာပေး နံရံကပ်စာစောင်များနှင့် စာကြည့်တိုက်ဆိုင်ရာ လှုပ်ရှားမှုများအား လှည့်လည်ကြည့်ရှုအားပေးကြကာ ကျောင်းသား၊ ကျောင်းသူများအား အမှတ်တရလက်ဆောင်များ ပေးအပ်ကြသည်။
အလားတူအခမ်းအနားသို့ တက်ရောက်လာကြသည့် ဌာနဆိုင်ရာဝန်ထမ်းများနှင့် ကျောင်းသား၊ ကျောင်းသူများကလည်း ခန်းမအတွင်း ခင်းကျင်းပြသထားသည့် စာအုပ်၊ စာစောင်များနှင့် အသိပညာပေး နံရံကပ်စာစောင်များအား စိတ်ပါဝင်စားစွာ လေ့လာဖတ်ရှုခဲ့ကြကြောင်း သတင်းရရှိသည်။
တင်ထွန်း(ပြန်/ဆက်)