တာမွေ ဇွန် ၇
မြန်မာနိုင်ငံတွင် ထေရဝါဒဗုဒ္ဓသာသနာတော် သန့်ရှင်းတည်တံ့ပြန့်ပွားရေး၏အရင်းမူလဖြစ်သည့် ပရိယတ္တိသာသနာတော် ထွန်းကားပြန့်ပွားစေရန်ရည်ရွယ်၍ သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာန သာသနာရေးဦးစီးဌာနမှကြီးမှူး၍ နှစ်စဉ်ကျင်းပမြဲဖြစ်သော ၂၀၂၄ ခုနှစ် (၃၁)ကြိမ်မြောက် အစိုးရနိကာယ်စာမေးပွဲများကို နေပြည်တော်အပါအဝင် တိုင်းဒေသကြီးနှင့် ပြည်နယ်အသီးသီးရှိ မြို့နယ်များတွင် စတင်ကျင်းပပြုလုပ်လျက်ရှိပြီး ရန်ကုန်တိုင်းဒေသကြီး၊ သင်္ဃန်းကျွန်းခရိုင်၊ တာမွေမြို့နယ် နတ်ချောင်းရပ်ကွက်ရှိ မြန်မာသီရိလင်္ကာ ရာမကျောင်းတိုက်တွင်လည်း ယနေ့မွန်းတည့်(၁၂)နာရီအချိန်က မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့မှ ဦးဆောင်၍ မြို့နယ်အတွင်းရှိ ဩဝါဒစရိယ ဆရာတော်ကြီးများ၊ အထူးကြီးကြပ်ရေး ဆရာတော်များနှင့် ကြီးကြပ်ရေးဆရာတော်များ၏စီစဉ်ကြီးကြပ်မှုဖြင့် ၂၀၂၄ခုနှစ် (၃၁)ကြိမ်မြောက် အစိုးရနိကာယ်စာမေးပွဲကို စတင်ကျင်းပပြုလုပ်ခဲ့ရာ မြို့နယ်အတွင်းရှိ ပရိယတ္တိစာသင်တိုက်များမှ စုစုပေါင်းစာဖြေသံဃာတော်( ၁၅၈ )ပါး ဝင်ရောက်ဖြေဆိုခဲ့ကြသည်။
ရန်ကုန်တိုင်းဒေသကြီး သင်္ဃန်းကျွန်းခရိုင် တာမွေမြို့နယ်တွင် ၂၀၂၄ ခုနှစ် (၃၁)ကြိမ်မြောက် အစိုးရနိကာယ် စာမေးပွဲကျင်းပပြုလုပ်နေမှု အခြေအနေများအား မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးကိုးအောင်နှင့်အဖွဲ့ဝင်များ၊ မြို့နယ်အဆင့်ဌာနဆိုင်ရာတာဝန်ရှိသူများက လိုက်လံကြည့်ရှု အားပေးခဲ့ပြီး လိုအပ်သည်များကို ဖြည့်ဆည်းဆောင်ရွက်ပေးခဲ့ကြသည်။
အဆိုပါ ၂၀၂၄ ခုနှစ် (၃၁)ကြိမ်မြောက် အစိုးရနိကာယ်စာမေးပွဲကို ဇွန်လ(၇)ရက်နေ့မှ ဇွန်လ(၁၁)ရက်နေ့အထိ နေ့စဉ်မွန်းတည့်(၁၂)နာရီမှ ညနေ(၄)နာရီအထိ (၅)ရက်တိုင်တိုင် အုပ်စု(၁)၊ (၂)၊ (၃)၊ (၄)၊ (၅)၊ (၇)၊ (၈) စသည်ဖြင့် အုပ်စုများခွဲ၍ ကျင်းပပြုလုပ်လျက်ရှိရာ ယနေ့တွင် မြို့နယ်အတွင်းရှိ ပရိယတ္တိစာသင်တိုက်များမှ စာဖြေသံဃာတော် စုစုပေါင်း (၁၅၈)ပါး ဝင်ရောက် လျက်ရှိကြောင်းနှင့် စာဖြေသံဃာတော်များအနေဖြင့် စိတ်အေးချမ်းသာစွာ ဖြေဆိုနိုင်စေရေးအတွက် မြို့နယ်အဆင့်ဌာနဆိုင်ရာဝန်ထမ်းများ၊ ရပ်ကွက်အုပ်ချုပ်ရေးမှူးများ၊ မြို့နယ်ဥပါသကာအဖွဲ့ဝင်များ၊ မြို့နယ်ကြက်ခြေနီတပ်ဖွဲ့ဝင်များ၊ မြို့နယ်အရန်မီးသတ်တပ်ဖွဲ့ဝင်များနှင့် ရပ်ဖိရပ်ဖများက လိုအပ်သည်များကို ဝိုင်းဝန်းပူးပေါင်းကူညီဆောင်ရွက်ပေးခဲ့ကြကြောင်း သတင်းရရှိပါသည်။
နိုင်လင်းအောင်