မော်လမြိုင် ဇွန် ၇
မွန်ပြည်နယ်အနေဖြင့် သဘာဝဘေးအန္တရာယ်များဖြစ်ပွားလာပါက အချိန်နှင့်တပြေးညီ ရှာဖွေကယ်ဆယ်ရေးလုပ်ငန်းများ ထိရောက်စွာ ဆောင်ရွက်နိုင်ရေးအတွက် ၂၀၂၄ ခုနှစ် မုန်တိုင်းဘေးအန္တရာယ်နှင့် ရေဘေးအန္တရာယ် ရှာဖွေကယ်ဆယ်ရေး ဇာတ်တိုက်လေ့ကျင့်ခြင်းအခမ်းအနားကို ယနေ့နံနက်ပိုင်းက မော်လမြိုင်မြို့ မန္တလေးရပ်ကွက် တရားလွှတ်တော်ဆိပ် (တရားလွှတ်တော်ရုံးအနီး)၌ ကျင်းပရာ ပြည်နယ်ဝန်ကြီးချုပ် ဦးအောင်ကြည်သိန်း၊ ပြည်နယ်တရားလွှတ်တော်တရားသူကြီးချုပ်၊ ပြည်နယ်အစိုးရအဖွဲ့ဝင်ဝန်ကြီးများ၊ ဌာနဆိုင်ရာတာဝန်ရှိသူများ ဇာတ်တိုက်လေ့ကျင့်ခြင်းတွင်ပါဝင်သော ဌာနဆိုင်ရာတပ်ဖွဲ့ဝင်များနှင့် လူမှုရေးအသင်းအဖွဲ့များ တက်ရောက်သည်။
ရှေးဦးစွာရေဘေးကယ်ဆယ်ရေး ဇာတ်တိုက်လေ့ကျင့်ခန်းစတင်ဆောင်ရွက်ရာ ရေဘေးအတွက် နှိုးဆော်သတိပေးခြင်း၊ ရေဘေးကျရောက်နိုင်သော ဒေသများရှိ နေထိုင်သူများအား ရွှေ့ပြောင်းခြင်း၊ ရေစီးနှင့်အတူ မျှောလာသူများကိုကယ်ဆယ်ခြင်း၊ ရေဘေးသင့်နေရာများ၌ လှည့်လည်စစ်ဆေးဆောင်ရွက်ခြင်းနှင့် ယာယီကယ်ဆယ်ရေးစခန်းတွင် ဆေးဝါးကုသမှုနှင့် စားရေးရိက္ခာများဝေငှပြီး ထိခိုက်ဒဏ်ရာရရှိသူများအား ရှေးဦးသူနာပြုစုခြင်းနှင့် ဆေးရုံ/ ဆေးခန်းများသို့ ပို့ဆောင်ပေးခြင်း ဇာတ်တိုက်လေ့ကျင့်နေမှုများကို ပြည်နယ်ဝန်ကြီးချုပ်၊ ပြည်နယ်တရားလွှတ်တော် တရားသူကြီးချုပ်နှင့် ပြည်နယ်အစိုးရအဖွဲ့ဝင်ဝန်ကြီးများက ကြည့်ရှု အားပေးခဲ့သည်။
ထို့နောက်ပြည်နယ်ဝန်ကြီးချုပ်က မုန်တိုင်းဘေးအန္တရာယ်နှင့် ရေဘေးအန္တရာယ် ရှာဖွေကယ်ဆယ်ရေး အဖွဲ့ဝင်များအား ယနေ့ကမ္ဘာ့ရာသီဥတုပြောင်းလဲမှု(Global Climate Change)ဖြစ်စဉ်များကြောင့် နိုင်ငံတကာတွင် သဘာဝဘေးအန္တရာယ်များ နှစ်စဉ် ပိုမိုဖြစ်ပွားလျက်ရှိရာ ကမ္ဘာကြီးရဲ့အပူချိန်ဟာ (၁.၅)ဒီဂရီစင်တီဂရိတ်တိုးမြှင့်လာပြီး ကမ္ဘာတစ်ဝှမ်းမှာ စုစုပေါင်းလူဦးရေ သန်း (၂၃၀)ခန့် နှစ်စဉ်သဘာဝဘေးအန္တရာယ်များနှင့် ရင်ဆိုင်ကြုံတွေ့ ခံစားနေရပြီး ပျမ်းမျှလူဦးရေ ၈၅၀၀၀ ခန့် အသက်ဆုံးရှုံးလျှက်ရှိတာကို IPCC (Intergovernmental Panel on Climate Change) ဖော်ပြထားကြောင်း၊ မွန်ပြည်နယ်အတွင်း သဘာဝဘေးအန္တရာယ်များနှင့် စပ်လျဉ်းဘေးမဖြစ်ပွားမီ၊ ဘေးဖြစ်ပွားနေစဉ်၊ ဘေးဖြစ်ပွားပြီး ဆောင်ရွက်ရမည့် လုပ်ငန်းများကို အနီးကပ်ကြီးကြပ်၍ ထိရောက်စွာဆောင်ရွက်နိုင်ရေးအတွက် သဘာဝဘေးအန္တရာရယ်ဆိုင်ရာစီမံခန့်ခွဲမှု ဥပဒေပုဒ်မ ၇ အရ “မွန်ပြည်နယ် သဘာဝ ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုအဖွဲ့”ကို ဖွဲ့စည်းခဲ့ပြီး လုပ်ငန်းကော်မတီ (၁၂)ခုကို ဖွဲ့စည်းဆောင်ရွက်လျက်ရှိပါကြောင်း၊ မုန်တိုင်းဘေးအန္တရာယ်နှင့် ရေဘေးအန္တရာယ် ရှာဖွေကယ်ဆယ်ရေး ဇာတ်တိုက်လေ့ကျင့်ခန်းကို မီးသတ်ဦးစီးဌာန၊ ဘေးအန္တရာယ်စီမံခန့်ခွဲမှု ဦးစီးဌာနတို့နှင့်အတူ အရန်မီးသတ်တပ်ဖွဲ့ဝင်များ၊ လူမှုကယ်ဆယ်အသင်းအဖွဲ့များ၊ ကြက်ခြေနီတပ်ဖွဲ့ဝင်များနှင့် ဒေသခံပြည်သူများပါဝင်၍ ဆောင်ရွက်ခဲ့ကြတာကို တွေ့ရှိရ၍ မုန်တိုင်းဘေးအန္တရာယ်နှင့် ရေဘေးအန္တရာယ် ကြုံတွေ့လာသည့်အခါများမှာလည်း လေ့ကျင့်ဇာတ်တိုက်ထားသည့်အတိုင်း ဌာနဆိုင်ရာ အဖွဲ့အစည်းများ အားလုံးပူးပေါင်း ကူညီဆောင်ရွက်ကြရန် လိုအပ်မှာဖြစ်ကြောင်း၊ သဘာဝဘေးနှင့်ပတ်သက်၍ ဘေးမဖြစ်ခင် ဆောင်ရွက်ရမည့်လုပ်ငန်းစဉ်များဖြစ်သော ကြိုတင်ကာကွယ်ရေးနှင့် စုဖွဲ့ပြင်ဆင်မှု လုပ်ငန်းများကိုလည်းကောင်း၊ ဘေးဖြစ်ပွားသည့်အခါဆောင်ရွက်ရမည့် လုပ်ငန်းစဉ်များဖြစ်သော အရေးပေါ်ရှာဖွေကယ်ဆယ်ရေးနှင့် လတ်တလော ဘေးကင်းလုံခြုံသည့် နေရာများသို့ ရွှေ့ပြောင်း၍ ချက်ချင်း စား၊ရေရိက္ခာများ ဝေငှနိုင်ရေး၊ ဆေးဝါးကုသနိုင်ရေးတို့ကိုလည်းကောင်း၊ ဘေးဖြစ်ပွားပြီးနောက် ဆောင်ရွက်ရမည့် ပြန်လည်ထူထောင်ရေးလုပ်ငန်းများကို ပြည်နယ် သဘာဝဘေးဆိုင်ရာ စီမံခန့်ခွဲမှုအဖွဲ့၏ ဦးဆောင်မှုနှင့်အတူ လုပ်ငန်းကော်မတီအသီးသီးမှစုစည်း ညီညွတ်စွာဖြင့် ကျရာအခမ်းကဏ္ဍမှ တက်ကြွစွာ ပူးပေါင်းပါဝင်ဆောင်ရွက်ကြရန် မှာကြားခဲ့သည်။
ဆက်လက်၍ ရေဘေးကယ်ဆယ်ရေးဇာတ်တိုက် သရုပ်ပြအဖွဲ့ဝင်များအား၊ ပြည်နယ်ဝန်ကြီးချုပ်က ဂုဏ်ပြုဆုငွေ ပေးအပ်ချီးမြှင့်ခဲ့ပြီး မွန်ပြည်နယ် လူမှုကယ်ဆယ်ရေး အသင်းအဖွဲ့များ၏ သဘာဝဘေးကယ်ဆယ်ရေးပစ္စည်းကိရိယာများ၊ အသက်ကယ်လှေများ၊ စုဆောင်းပြင်ဆင်ဆောင်ရွက်ထားရှိမှု အခြေအနေများကို လှည့်လည်ကြည့်ရှုအားပေးပြီး လိုအပ်သည်များကို ကူညီဖြည့်ဆည်း ဆောင်ရွက်ပေးခဲ့ကြောင်း သိရှိရသည်။
စည်သူ(ပြန်/ဆက်)