ခရမ်းမြို့နယ်တွင် ပန်းခင်းစီမံချက်(၃)ဖြင့် နိုင်ငံသားပြုလက်မှတ်နှင့် စိစစ်ရေးကတ်ပြားများဆောင်ရွက်

ခရမ်း ဇွန် ၇

ရန်ကုန်တိုင်းဒေသကြီး၊ သန်လျင်ခရိုင်၊ ခရမ်းမြို့နယ်၊ လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာန မြို့နယ်ဦးစီးမှူး ဦးမောင်မောင်သန်းနှင့်အတူ ဝန်ထမ်းများသည် ခရမ်းမြို့နယ် အမှတ်(၅)ရပ်ကွက်ရှိ ဟိန္ဒူဘုရားကျောင်းတွင် နိုင်ငံသားပြုခွင့်စိစစ်ရေးကတ်ပြားနှင့် နိုင်ငံသားပြုခွင့်လက်မှတ်ထုတ်ပေးခြင်းကို ယမန်နေ့မွန်းလွဲ ၁ နာရီက ပန်းခင်းစီမံချက်( ၃ )ဖြင့် ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။

ထိုသို့ဆောင်ရွက်ရာတွင် လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာန မြို့နယ်ဦးစီးမှူး ဦးမောင်မောင်သန်းမှ ပန်းခင်းစီမံချက်(၃)ဖြင့် နိုင်ငံသားပြုခွင့်စိစစ်ရေးကတ်ပြားနှင့် နိုင်ငံသားပြုခွင့်ပြုလုပ်ပေးရာတွင် သိသင့်သိထိုက်သည့်အချက်များနှင့် ပန်းခင်းစီမံချက်(၃)ဆောင်ရွက်ပေးနေမှုများ၊ နိုင်ငံသားပြုခွင့်စိစစ်ရေးကတ်ပြားကိုင်ဆောင်သူများ၏ရပိုင်ခွင့်များ၊ နိုင်ငံသားပြုခွင့် လက်မှတ်ကိုင်ဆောင်သူတို့ လိုက်နာရမည့် စည်းကမ်းချက်များ၊ အိမ်ထောင်စုလူဦးရေစာရင်းလျှောက်ထားမှု၊ မွေးဖွားသေဆုံး/ပြောင်းဝင်/ပြောင်းထွက် လုပ်ငန်းတို့၏ အရေးပါပုံတို့နှင့်အတူ ပြုလုပ်ပေးခဲ့သည့် နိုင်ငံသားစိစစ်ရေးကတ်ပြားများအား ပြုပြင်ခြင်းနှင့် ပျောက်ဆုံး ပျက်စီးမှုများရှိပါက သက်ဆိုင်ရာဦးစီးဌာနသို့ ဆက်သွယ်ပြုလုပ်နိုင်ကြောင်းနှင့် နိုင်ငံသားကတ်ပြား၏တန်ဖိုးနားလည်စေရန်နှင့် ဌာနမှ biometric လုပ်ငန်းများ ဆောင်ရွက်နေမှုများအား ရှင်းလင်းပြောကြားခဲ့ပြီး ပြုလုပ်ပြီးစီးခဲ့သည့် နိုင်ငံသားပြုခွင့် စိစစ်ရေးကတ်ပြားနှင့် နိုင်ငံသားပြုလက်မှတ်များကို မြို့နယ်လူဝင်မှု ကြီးကြပ်ရေးဝန်ကြီးဌာန မြို့နယ်ဦးစီးမှူး ဦးမောင်မောင်သန်းနှင့် မြန်မာနိုင်ငံလုံးဆိုင်ရာ တမီ(လ်)ဟိန္ဒူဖောင်ဒေးရှင်း ဥက္ကဋ္ဌ ဦးသိန်းလွင်နှင့်အဖွဲ့ဝင်များက ပြည်သူများ လက်ဝယ်အရောက် ပေးအပ်ခဲ့ကြောင်း သိရှိရသည်။

အဆိုပါပန်းခင်းစီမံချက်(၃)ဖြင့် ခရမ်းမြို့နယ်အတွင်းရှိ အိန္ဒိယနွယ်ဖွား တမီ(လ်)ပြည်သူ (၁၈၂)ဦးတို့ကို နိုင်ငံသားပြုခွင့်စိစစ်ရေးကတ်ပြားနှင့် နိုင်ငံသားပြုခွင့်လက်မှတ်များကို ဆောင်ရွက်ပေးခဲ့ကြောင်း သိရှိရသည်။

ကိုမင်း ( ခရမ်း )