မိတ္ထီလာ ဇွန် ၇
မန္တလေးတိုင်းဒေသကြီး၊ မိတ္ထီလာခရိုင်၊ မိတ္ထီလာမြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ သန့်ရှင်းသောသောက်သုံးရေ ဖူလုံစွာရရှိစေရန်ရည်ရွယ်၍ ၂၀၂၄-၂၀၂၅ ဘဏ္ဍာနှစ်တွင် ပြည်ထောင်စုရန်ပုံငွေဖြင့် ခင်တဲအုပ်စု၊ ခင်သာကျေးရွာ၌ JICA မှ တွင်းတူးစက်ကြီးဖြင့် စက်ရေတွင်းတူးဖော်ခြင်းလုပ်ငန်းဆောင်ရွက်နေမှုအခြေအနေကို ယမန်နေ့နံနက်က တာဝန်ရှိသူများ ကွင်းဆင်းစစ်ဆေးခဲ့ကြောင်း သိရသည်။
ထိုသို့ ကွင်းဆင်းစစ်ဆေးရာတွင် မိတ္ထီလာမြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန မြို့နယ်ဦးစီးမှူးဦးချမ်းငြိမ်းဝင်းနှင့် မြို့နယ်တာဝန်ခံအင်ဂျင်နီယာက ကျေးရွာရေရရှိရေးကော်မတီဝင်များနှင့်အတူ ခင်သာကျေးရွာ၌ အကျယ် ၄.၅ လက်မ PVC အနက်ပေ ၃၀၀ ရှိ စက်ရေတွင်းတူးဖော်ခြင်း လုပ်ငန်းဆောင်ရွက်နေမှုအခြေအနေကို ကြည့်ရှုစစ်ဆေးပြီး မြို့နယ်ဦးစီးမှူးက စက်ရေတွင်းနှင့် ဆက်စပ်လုပ်ငန်းများအား သတ်မှတ်စံချိန်စံညွှန်းနှင့်အညီ အချိန်မီပြီးစီးရေး အလေးထားဆောင်ရွက်သွားရန် ဆွေးနွေးမှာကြားခဲ့ကြောင်း သိရသည်။
မိတ္ထီလာမြို့နယ်၊ ခင်တဲကျေးရွာအုပ်စု၊ ခင်သာကျေးရွာ၌ ၂ဝ၂၄-၂၀၂၅ ဘဏ္ဍာရေးနှစ်တွင် ပြည်ထောင်စုရန်ပုံငွေကျပ် ၂၉ ဒသမ ၈၃ သန်းဖြင့် အကျယ် ၄.၅ လက်မ PVC အနက်ပေ ၃၀၀ စက်ရေတွင်းတူးဖော်ခြင်း၊ ၄ဝဝ ဗို့ ဓါတ်အားလိုင်း ပေ ၁၃၅၀ သွယ်တန်းခြင်း၊ အိမ်သုံးမီတာတပ်ဆင်ခြင်း၊ ဂါလံ(၂၀၀၀)ဆံ့အုတ်ရေကန်၊ ရေစက်ရုံနှင့်ရေတင်ပိုက်လိုင်း ၂ လက်မ PVC ၂၄၀၀ ပေ သွယ်တန်းခြင်း လုပ်ငန်းများကို မိတ္ထီလာမြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ တာဝန်ယူဆောင်ရွက်သွားမည်ဖြစ်ပြီး လုပ်ငန်းရာနှုန်းပြည့်ပြီးစီးပါက အိမ်ခြေ ၁၀၅ အိမ်၊ လူဦးရေ ၄၉၅ ဦးအတွက် သန့်ရှင်းသောသောက်သုံးရေကို ရာသီမရွေးဖူလုံစွာ ရရှိတော့မည်ဖြစ်ကြောင်း မြို့နယ်ဦးစီးမှူးဦးချမ်းငြိမ်းဝင်းထံမှ သိရသည်။
သိန်းမြင့်ကျော်(မိတ္ထီလာ)