တံတားဦး ဇွန် ၇
မန္တလေးတိုင်းဒေသကြီး တံတားဦးခရိုင်တွင် ၂၀၂၄ ခုနှစ် လူဦးရေနှင့် အိမ်အကြောင်းအရာ သန်းခေါင်စာရင်းကောက်ယူရေး အသိပညာပေး Billboard စိုက်ထူခြင်းဖွင့်ပွဲကို ယနေ့ နံနက် (၈)နာရီက တံတားဦး-မြို့သာကားလမ်း မြို့ဝင်လမ်းဆုံ၌ ကျင်းပခဲ့ကြောင်း သိရသည်။
၂၀၂၄-၂၀၂၅ ခုနှစ် အောက်တိုဘာ(၁)ရက်နေ့မှ (၁၅)ရက်နေ့အထိ ကောက်ယူဆောင်ရွက်မည့် ၂၀၂၄ ခုနှစ်၊ လူဦးရေနှင့် အိမ်အကြောင်းအရာသန်းခေါင်စာရင်း ကောက်ယူခြင်းလုပ်ငန်းကို ဒေသတွင်း ပြည်သူများ ကျယ်ကျယ်ပြန့်ပြန့် သိရှိနိုင်စေရန်နှင့် ပူးပေါင်းပါဝင်နိုင်ရေးအတွက် အသိပညာပေး နှိုးဆော်ခြင်းအဖြစ် အဆိုပါမြေစိုက်ပိုစတာအား စိုက်ထူဆောင်ရွက်ခြင်းဖြစ်ပြီး တံတားဦးခရိုင် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦတင်ကိုလင်း၊ ခရိုင်လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာန တံတားဦးခရိုင် ဦးစီးမှူး ဦးသန်းနိုင်၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးဖြိုးဇော်ကိုကိုတို့က (Billboard) အား ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးကြပြီး အမွှေးနံ့သာရည်များ ပက်ဖျန်းပေးကြသည်။ ဆက်လက်၍ ခရိုင်အဆင့် သန်းခေါင်စာရင်းကောက်ယူရေးကော်မတီဥက္ကဋ္ဌ ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌနှင့် တာဝန်ရှိသူများက “ပြည်သူအားလုံးပါဝင်လို့ သန်းခေါင်စာရင်းကောက်ကြစို့” ပိုစတာများကို တာဝန်ရှိများထံသို့ အသီးသီးပေးအပ်ကြပြီး ခရိုင်/မြို့နယ် လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အား ဝန်ကြီးဌာန ဝန်ထမ်းများက သန်းခေါင်စာရင်းကောက်ယူခြင်း အသိပညာပေးလက်ကမ်းစာစောင်များကို အခမဲ့ဖြန့်ဝေပေးကြရာ အခမ်းအနားသို့ တက်ရောက်လာသူများနှင့် အမှတ်တရစုပေါင်း မှတ်တမ်း ဓာတ်ပုံရိုက်ကြသည်။
အလားတူ တံတားဦးမြို့နယ်၏ ၂၀၂၄ ခုနှစ် လူဦးရေနှင့် အိမ်အကြောင်းအရာ သန်းခေါင်စာရင်း ကောက်ယူရေး အသိပညာပေး Billboard စိုက်ထူခြင်းဖွင့်ပွဲကို မြို့နယ်ဆေးအိုးဖိုဘုရားရှေ့၌ ကျင်းပရာ ဆိုင်းဘုတ်အား တံတားဦးမြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးဖြိုးဇော်ကိုကို၊ မြို့နယ်စီမံအုပ်ချုပ်ရေး အဖွဲ့ဝင် ဗိုလ်မှူး သန်းနိုင်ဦးနှင့် မြို့နယ်လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာန မြို့နယ်ဦးစီးမှူး ဦးတင်စိုးတို့က ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးကြပြီး အမွှေးနံ့သာရည်များ ပက်ဖျန်းပေးကြကာ စုပေါင်းအမှတ်တရ ဓာတ်ပုံရိုက်ကြသည်။
အဆိုပါ အခမ်းအနားများသို့ တံတားဦးခရိုင်/မြို့နယ်သန်းခေါင်စာရင်း ကောက်ယူရေးကော်မတီဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ ခရိုင်/မြို့နယ်လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာနမှ ဝန်ထမ်းများ၊ ဌာနဆိုင်ရာတာဝန်ရှိသူများ၊ ရပ်ကွက်အုပ်ချုပ်ရေးမှူးများနှင့် ပြည်သူများ တက်ရောက်ကြကြောင်း သိရသည်။
ရဲတင့် (ပြန်/ဆက်)