စဉ့်ကိုင်မြို့နယ်တွင် ၂၀၂၄ ခုနှစ်၊ မိုးရာသီ စုပေါင်းသစ်ပင်စိုက်ပျိုးပွဲ အခမ်းအနားကျင်းပ

စဉ့်ကိုင် ဇွန် ၇

မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင်၊ စဉ့်ကိုင်မြို့နယ်၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့၏ ဦးဆောင်လမ်းညွှန်မှုဖြင့် မြို့နယ်သစ်တောဦးစီးဌာနမှကြီးကြပ်၍ သစ်ပင်များစိုက်ပျိုးခြင်းဖြင့် သဘာဝပတ်ဝန်းကျင်စိမ်းလန်းစိုပြည်လာစေရန်၊ ဒေသတွင်းအပူချိန်လျော့ကျလာစေရန်၊ ဂေဟစနစ် တည်ငြိမ်လာစေရန်၊ ပြည်သူများ သစ်ပင်စိုက်ပျိုးလိုစိတ်များ ဖြစ်ပေါ်လာစေပြီး သစ်တော သစ်ပင်များအား ချစ်ခင်တန်ဖိုးထားတတ်လာစေရန်နှင့် သစ်တောသစ်ပင်စိုက်ပျိုးခြင်းဖြင့် ဒေသခံပြည်သူများ အကျိုးကျေးဇူးများ ရရှိခံစားနိုင်စေရန်ရည်ရွယ်၍ မိုးကောင်းကျေးရွာအုပ်စု၊ စံပြကျေးရွာ၊ အ.မ.က(ဒေါင်းကျ)၌ ၂၀၂၄ ခုနှစ်၊ မိုးရာသီစုပေါင်းသစ်ပင်စိုက်ပျိုးပွဲအခမ်းအနားကို ယနေ့ နံနက် ၆ နာရီက ကျင်းပခဲ့သည်။

အခမ်းအနားတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးဗိုလ်အောင်မောင်မောင်နှင့် အဖွဲ့၀င်တို့က မြို့နယ်အဆင့်ဌာနဆိုင်ရာများ၊ အသင်းအဖွဲ့များနှင့် ပြည်သူများအား ပျိုးပင်များပေးအပ်ခဲ့ပြီး တက်ရောက်လာသော ဌာနဆိုင်ရာများ၊ မြို့နယ်အမျိုးသမီးရေးရာအဖွဲ့ဝင်များ၊ မြို့နယ် မိခင်နှင့်ကလေးစောင့်ရှောက်ရေး အသင်းအဖွဲ့ဝင်များ၊ဆရာ/ဆရာမများနှင့် ကျောင်းသား/သူများ၊ ရပ်ကွက်ကျေးရွာအုပ်စုအုပ်ချုပ်ရေးမှူးများနှင့် ပြည်သူများက အမြင့်ပေ(၂)ပေ၊ သက်တမ်း (၂)နှစ်ရှိသော ကျွန်းပျိုးပင်ပေါင်း (၁၅၀)အပင်တို့အား စုပေါင်းစိုက်ပျိုးခဲ့သည်။

အဆိုပါသစ်ပင်စိုက်ပျိုးပွဲသို့ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးဗိုလ်‌အောင်မောင်မောင်နှင့်အဖွဲ့ဝင်များ၊ မြို့နယ်အဆင့်ဌာနဆိုင်ရာအကြီးအကဲများနှင့်၀န်ထမ်းများ၊ မြို့နယ်သစ်တောဦးစီးဌာနမှ မြို့နယ်ဦးစီးမှူးနှင့်ဝန်ထမ်းများ၊ မြို့နယ်အမျိုးသမီး‌ရေးရာအဖွဲ့ဝင်များ၊ မြို့နယ်မိခင်နှင့်ကလေးစောင့်ရှောက်ရေးအသင်းဝင်များ၊ ဆရာ/ဆရာမများ၊ ကျောင်းသား၊ ကျောင်းသူများ၊ ရပ်ကွက်ကျေးရွာအုပ်စုအုပ်ချုပ်ရေးမှူးများ၊ ဒေသခံပြည်သူများ စုစုပေါင်းအင်အား(၁၅၀)ဦး  တက်ရောက်စိုက်ပျိုးခဲ့ကြကြောင်း သိရှိရသည်။

ကျော်စွာ(စဉ့်ကိုင်)