တပ်ကုန်း ဇွန် ၇
နေပြည်တော်ကောင်စီအဖွဲ့ဝင် ဦးမြင့်စိုးသည် နေပြည်တော်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ညွှန်ကြားရေးမှူး ဒေါ်သင်းသင်းဇင်၊ တပ်ကုန်းမြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးညီညီထွေးနှင့် အဖွဲ့ဝင်များ၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဦးစီးအရာရှိ ဒေါ်တင့်တင့်ခိုင်တို့နှင့်အတူ ဒယောက်ကူးကျေးရွာ၊ စာကြည့်တိုက်အသစ်ဆောက်လုပ်မည့် နေရာအား ယမန်နေ့မွန်းလွဲပိုင်းက အဆိုပါမြေနေရာအား ကွင်းဆင်းကြည့်ရှု စစ်ဆေးခဲ့သည်။
ဦးစွာ နေပြည်တော်ကောင်စီအဖွဲ့ဝင် ဦးမြင့်စိုးနှင့် တာဝန်ရှိသူများက ဒယောက်ကူးကျေးရွာ၊ အုပ်စုအုပ်ချုပ်ရေးမှူး၊ စာကြည့်တိုက်ကြီးကြပ်ရေးကော်မတီဝင်များနှင့်တွေ့ဆုံ၍ စာကြည့်တိုက်အသစ်တည်ဆောက်နိုင်ရန် ဝိုင်းဝန်းပူးပေါင်းဆောင်ရွက်ရန်၊ ကျေးရွာပိုင် အလှူရှင်မြေဖြစ်စေရန်၊ ပြည်သူများ စာဖတ်သည့်အလေ့အထများဖြစ်အောင် ကူညီပေးရန်၊ သုတရသစာအုပ်များ ပြည့်စုံစွာထားရှိနိုင်ရန်နှင့် စာကြည့်တိုက်တွင် လူငယ်၊ လူရွယ်များအတွက် အသိပညာပေးနံရံကပ်စာစောင်များပြသပေးနိုင်ရန်၊ စာကြည့်တိုက်ရေရှည်ဖွံ့ဖြိုးတိုးတက်ရေးအတွက် ကျေးရွာအလှူရှင်များနှင့် စာပေချစ်မြတ်နိုးသူအဖွဲ့များ ဝိုင်းဝန်းပူးပေါင်းဆောင်ရွက်ရန် ရှင်းလင်းမှာကြားကာ စာကြည့်တိုက်အသစ်ဆောက်လုပ်မည့်နေရာအား ကြည့်ရှုစစ်ဆေးပြီးနောက် ဒယောက်ကူးကျေးရွာ အခြေခံပညာအထက်တန်းကျောင်း(ခွဲ)မှ ကျောင်းအုပ်ဆရာကြီးနှင့် တာဝန်ရှိသူများအားတွေ့ဆုံ၍ ကျောင်းနေအရွယ်ကလေးများအားလုံး ကျောင်းအပ်နှံရေး သက်ဆိုင်ရာတာဝန်ရှိသူများ၊ ကျောင်းသားမိဘများ၊ ရပ်မိရပ်ဖများက ဝိုင်းဝန်းကူညီဆောင်ရွက်ပေးကြရန်၊ ကျောင်းသား၊ ကျောင်းသူများ အေးချမ်းပျော်ရွှင်စွာ ပညာသင်ကြားနိုင်ရေးအတွက် ကျောင်းဝန်းအတွင်း ဘောလုံးကွင်း၊ ဘော်လီဘောကွင်း၊ ပိုက်ကျော်ခြင်းကွင်း၊ ခါးလှည့်၊ လက်လှည့်၊ ခြေလွှဲ ကိုယ်လက်လှုပ်ရှား အားကစားပစ္စည်းများ ထားရှိရေးတို့ကို ရှင်းလင်းမှာကြားခဲ့သည်။
ထို့နောက် နေပြည်တော်ကောင်စီအဖွဲ့ဝင် ဦးမြင့်စိုးနှင့် တာဝန်ရှိသူများ ဆရာစံရပ်ကွက်နှင့် ထုံးဖိုကျေးရွာ၊ တရော်ပင်အင်းကျေးရွာများသို့ သွားရောက်၍ ရပ်ကွက်၊ ကျေးရွာအုပ်ချုပ်ရေးမှူးများ၊ စာကြည့်တိုက်ကြီးကြပ်ရေးကော်မတီဝင်များနှင့်တွေ့ဆုံကာ စာကြည့်တိုက်အသစ်တည်ဆောက်နိုင်ရန် ဝိုင်းဝန်းပူးပေါင်းဆောင်ရွက်ရေး၊ ပြည်သူများ စာဖတ်သည့်အလေ့အထများဖြစ်စေရေး၊ နေ့စဉ်ထုတ်သတင်းစာများထားရှိရေး၊ သုတရသစာအုပ်၊ စာစောင်များ ပြည့်စုံစွာထားရှိရေးနှင့် စာကြည့်တိုက်တွင် လူငယ်၊ လူရွယ်များအတွက် အသိပညာပေးနံရံကပ်စာစောင်များ ပြသပေးရေး၊ စာကြည့်တိုက်ရေရှည်ဖွံ့ဖြိုးတိုးတက်ရေးအတွက် ကျေးရွာအလှူရှင်များနှင့် စာပေချစ်မြတ်နိုးသူအဖွဲ့များ ဝိုင်းဝန်းပူးပေါင်းဆောင်ရွက်ရေး ရှင်းလင်းမှာကြားခဲ့ပြီးနောက် စာကြည့်တိုက်အသစ်ဆောက်လုပ်မည့်နေရာများအား ကြည့်ရှုစစ်ဆေးခဲ့သည်။
ယင်းနောက် နေပြည်တော်ကောင်စီအဖွဲ့ဝင် ဦးမြင့်စိုးသည် နေပြည်တော်ပြန်ကြားရေးနှင့်ပြည်သူ့ ဆက်ဆံရေးဦးစီးဌာနမှ ညွှန်ကြားရေးမှူး ဒေါ်သင်းသင်းဇင်၊ ဇေယျာသီရိမြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးဇေထက်အောင်၊ မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ မြို့နယ်ဦးစီးမှူး ဒေါ်နွယ်နွယ်အောင်၊ သက်ဆိုင်ရာတာဝန်ရှိသူများနှင့်အတူ ပြည်စံအောင်ရပ်ကွက်၊ ရပ်ကွက်ပိုင်မြေနေရာတွင် စာကြည့်တိုက်ဆောက်လုပ်မည့် မြေနေရာနှင့် ပုပ္ပါးကုန်းရပ်ကွက် စာကြည့်တိုက်ဆောက်လုပ်မည့် မြေနေရာများအား ကြည့်ရှုစစ်ဆေးခဲ့ပြီးနောက် လိုအပ်သည်များ လမ်းညွှန်မှာကြားခဲ့ကြောင်း သိရသည်။
တင်စိုးလွင်