လယ်ဝေး ဇွန် ၇
ပြည်ထောင်စုနယ်မြေ၊ လယ်ဝေးမြို့နယ်၊ အမှတ်(၁) အခြေခံပညာအထက်တန်းကျောင်းတွင် ယမန်နေ့ နံနက် ၉ နာရီက နေပြည်တော်၊ မွေးမြူရေးနှင့်ကုသရေးဦးစီးဌာနမှ ခွေးရူးရောဂါ ကာကွယ်ရေး အသိပညာပေးဟောပြောပွဲကျင်းပခဲ့သည်။
ရှေးဦးစွာ နေပြည်တော်၊ မွေးမြူရေးနှင့် ကုသရေးဦးစီးဌာနမှ ဒုတိယတိုင်းဦးစီးမှူး ဒေါက်တာ ထွေးကိုကိုက အမှာစကားပြောကြားသည်။ ထို့နောက် မြို့နယ်ကျန်းမာရေးဦးစီးဌာနမှ ကျန်းမာရေးမှူး ဦးကျော်မိုးက ခွေးရူးပြန်ရောဂါအကြောင်း၊ မွေးမြူရေးနှင့် ကုသရေးဦးစီးဌာနမှ သုတေသနအရာရှိ ဒေါက်တာလှိုင်ဝင်းက ခွေးရူးရောဂါ ကူးစက်နိုင်သည့် သတိပြုလိုက်နာရမည့် အချက်များ၊ ခွေးရူးရောဂါကာကွယ်ရေး သိကောင်းစရာများ၊ ခွေးရူးရောဂါဆိုတာ စသည်တို့ကို ကျောင်းသား၊ ကျောင်းသူများအား အသိပညာပေး ဆွေးနွေးဟောပြောခဲ့သည်။
ထို့နောက် ကျောင်းသား၊ ကျောင်းသူလေးများက သိလိုသည်များကို မေးခွန်းများမေးမြန်းရာ တာဝန်ရှိသူများက ပြန်လည်ဖြေကြားပြီး အမှတ်တရလက်ဆောင်များ ပေးအပ်ခဲ့သည်။ အလားတူ မွန်းလွဲ ၂ နာရီတွင် လယ်ဝေးမြို့၊ အမှတ်(၂) အခြေခံပညာအထက်တန်းကျောင်း၌ ခွေးရူးရောဂါကာကွယ်ရေး အသိပညာပေးဟောပြောပွဲ ဆက်လက်ကျင်းပခဲ့ကြောင်း သိရသည်။
ဝေကြည်(ပြန်/ဆက်)