မင်္ဂလာဒုံ ဇွန် ၇
ရန်ကုန်တိုင်းဒေသကြီး၊ မင်္ဂလာဒုံခရိုင်၊ မင်္ဂလာဒုံမြို့နယ်အတွင်းရှိ ရပ်ကွက်/ကျေးရွာ စာကြည့်တိုက်များ ဖွံ့ဖြိုးတိုးတက်ရေးအတွက် မြို့နယ်စာကြည့်တိုက် ကြီးကြပ်မှုကော်မတီ၏ လုပ်ငန်းညှိနှိုင်းအစည်းအဝေးနှင့် စာအုပ်စာစောင်များပေးအပ်လှူဒါန်းပွဲ အခမ်းအနားကို ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လူထုအခြေပြုဗဟိုဌာနခန်းမတွင် ယနေ့ မွန်းလွဲပိုင်းက ကျင်းပပြုလုပ်ခဲ့သည်။
အခမ်းအနားတွင် မြို့နယ်စာကြည့်တိုက် ကြီးကြပ်မှုကော်မတီဥက္ကဋ္ဌ ဦးသီဟဘော်ဇံက မြို့နယ် အတွင်းရှိ ရပ်ကွက်/ကျေးရွာစာကြည့်တိုက်များ ဖွံ့ဖြိုးတိုးတက်ရေးနှင့် စပ်လျဉ်း၍ ဆောင်ရွက်ရမည့်ကိစ္စရပ်များကို အမှာစကားပြောကြားပြီးနောက် အတွင်းရေးမှူး ဦးသိန်းထွန်းအောင်က ရပ်ကွက်/ကျေးရွာစာကြည့်တိုက်များ အခြေအနေကို သုံးသပ်ရှင်းလင်းဆွေးနွေးတင်ပြခဲ့သည်။
ထို့နောက် ရန်ကုန်တိုင်းဒေသကြီး စာကြည့်တိုက် ကြီးကြပ်မှုကော်မတီမှ ပေးအပ်လှူဒါန်းထား သည့် သုတ/ရသ စာအုပ်စာစောင်များအား အလင်းရောင်စာကြည့်တိုက်၊ ပုလဲရတနာ စာကြည့်တိုက်နှင့် ငွေလဝန်းစာကြည့်တိုက်များအတွက် မြို့နယ်စာကြည့်တိုက်ကြီးကြပ်မှု ကော်မတီဥက္ကဋ္ဌ ဦးသီဟဘော်ဇံ၊ ကော်မတီအဖွဲ့ဝင် ဦးငွေစိုး၊ (ငွေစိုး-ရွှေကြန့်မြေ)နှင့် ကော်မတီအတွင်းရေးမှူး ဦးသိန်းထွန်းအောင်တို့က အသီးသီးထပ်ဆင့်ပေးအပ်လှူဒါန်းခဲ့ရာ သက်ဆိုင်ရာ စာကြည့်တိုက်မှူးများမှ လက်ခံရယူကြသည်။
ဆက်လက်၍ အလင်းရောင်စာကြည့်တိုက်မှူး ဒေါ်ဝေဝေမွန်က ကျေးလက်နေပြည်သူလူထုများ အသိပညာဗဟုသုတ တိုးပွားလာစေရေးအတွက် လေ့လာဖတ်ရှုနိုင်စေရန် စာအုပ်၊ စာစောင်များ လှူဒါန်းပေးကြပါသော သက်ဆိုင်ရာတာဝန်ရှိသူများအားလုံးကို အထူးပင်ကျေးဇူးတင်ပါကြောင်း ပြောကြားခဲ့သည်။ အစည်းအဝေးသို့ တက်ရောက်လာကြသော ကော်မတီဝင်များက ရပ်ကွက်၊ ကျေးရွာစာကြည့်တိုက်များ ဖွံ့ဖြိုးတိုးတက်ရေးနှင့်ပတ်သက်၍ ရှေ့ဆက်ဆောင်ရွက်မည့် လုပ်ငန်းစဉ်များကို အပြန်အလှန်ဆွေးနွေးခဲ့ကြကြောင်း သိရသည်။
မင်းသိန်းထွန်း