မြစ်ကြီးနား ဇွန် ၆
ကချင်ပြည်နယ်အစိုးရအဖွဲ့အနေဖြင့် ဒေသတွင်းနယ်မြေမတည်ငြိမ်မှု ဖြစ်စဉ်များကြောင့် ယာယီနေရပ်စွန့်ခွာပြည်သူများအား နေထိုင်စားသောက်မှု အဆင်ပြေစေရေးအတွက် စဉ်ဆက်မပြတ် စီမံဆောင်ရွက်ပေးလျက်ရှိရာ ပြည်နယ်ဝန်ကြီးချုပ် ဦးခက်ထိန်နန်သည် ယနေ့နံနက် ၉ နာရီခွဲက ဝိုင်းမော်မြို့၊ မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ ဆမားခန်းမ၌ မြို့နယ်အတွင်းရှိ ယာယီနေရပ်စွန့်ခွာပြည်သူများအား သွားရောက်တွေ့ဆုံအားပေးထောက်ပံ့သည်။ ထိုသို့ တွေ့ဆုံစဉ် ပြည်နယ်ဝန်ကြီးချုပ်က နယ်မြေအခြေအနေအရ ယာယီနေရပ်စွန့်ခွာလာရသည့်အတွက် အခက်အခဲ၊ လိုအပ်ချက်များစွာရှိနေသည်ကို နားလည်ထားသည့်အတွက် ပြည်နယ်အစိုးရအဖွဲ့အနေဖြင့် မိသားစုများ အမိုး/ အကာဖြင့် လုံခြုံစွာနေထိုင်နိုင်ရေးအမြန်ဆုံး စီစဉ်ဆောင်ရွက်ပေးရမည်ဖြစ်သကဲ့သို့ စားသောက်မှုအဆင်ပြေစေရေး အတတ်နိုင်ဆုံးထောက်ပံ့ပေးခြင်းဖြစ်ပါကြောင်း၊ ထို့အပြင် ကလေးများ ကျောင်းဖွင့်ချိန် ကျောင်းတက်ရောက်နိုင်ရေး စီစဉ်ဆောင်ရွက်ပေးထားပါကြောင်း၊ မိမိတို့အနေဖြင့် မိသားစုများ၏ လိုအပ်ချက်များကို အတူတကွဝိုင်းဝန်းဖြေရှင်းပြီး အခက်အခဲများကို ရင်ဆိုင်ဖြတ်သန်းကြရန်လိုကြောင်း တိုက်တွန်းအားပေးပြောကြားသည်။
ယင်းနောက် ထောက်ပံ့ပစ္စည်းများ ထောက်ပံ့ပေးအပ်ရာတွင် ပြည်နယ်ဝန်ကြီးချုပ်၊ ပြည်နယ်တရားလွှတ်တော်တရားသူကြီးချုပ်နှင့် ပြည်နယ်ဝန်ကြီးများက ဝိုင်းမော်မြို့နယ်အတွင်းရှိ ကျေးရွာများမှ ဝိုင်းမော်မြို့ပေါ် ရပ်ကွက်များ၊ မိုင်းနား၊ နောင်တာလော၊ နောင်းချိန်း၊ ဝူယန်ကျေးရွာတို့ရှိ ဘာသာရေးအဆောက်အဦများ၊ ယာယီခိုလှုံရာစခန်းများ၊ မြို့ပေါ်ရပ်ကွက်များသို့ ယာယီတိမ်းရှောင်လာသော အိမ်ထောင်စု (၁၅၁၄) စုတို့အတွက် အမျိုးသားသဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုကော်မတီက ထောက်ပံ့သည့် စုစုပေါင်းငွေကျပ် (၁၁၃၅၅၀၀၀၀)တန်ဖိုးရှိ ဆန်အိတ်ပေါင်း (၁၅၁၄) အိတ်နှင့် ကျောင်းနေအရွယ်ကလေးများအတွက် ကျောင်းသုံးဗလာစာအုပ်များကို အသီးသီးထောက်ပံ့ပေးအပ်ခဲ့ကြသည်။
ထို့နောက် တက်ရောက်လာကြသည့် ယာယီနေရပ်စွန့်ခွာမိသားစုများက ယာယီခိုလှုံနေထိုင်ရာနေရာများ၌ ယာယီနေအိမ်အဆောက်အဦးတည်ဆောက်နေထိုင်ရာတွင် လိုအပ်ချက်များ၊ မိသားစုများ၏ ကျန်းမာရေးစောင့်ရှောက်မှုပေးရေး၊ ကလေးများ ပညာသင်ကြားနိုင်ရေး၊ သောက်သုံးရေ လုံလောက်စွာရရှိရေး စသည့် လိုအပ်ချက်များကို တင်ပြဆွေးနွေးကြရာ ပြည်နယ်ဝန်ကြီးချုပ်က လိုအပ်ချက်များအပေါ် သက်ဆိုင်ရာတာဝန်ရှိသူများနှင့် ပေါင်းစပ်ညှိနှိုင်း၍ ဖြည့်ဆည်းဆောင်ရွက်ပေးခဲ့ပြီး စခန်း(၆)ခုအတွင်း ယာယီခိုလှုံရာနေအိမ်အဆောက်အဦများ တည်ဆောက်နိုင်ရေး၊ ပညာရေးအတွက် သင်ထောက်ကူပစ္စည်းများ သယ်ယူနိုင်ရေး၊ ရေသန့်စက်တပ်ဆင်အသုံးပြုနိုင်ရေးတို့အတွက် စုစုပေါင်းငွေကျပ် ၈၀၅၀၀၀၀ ကို ထပ်မံထောက်ပံ့ပေးအပ်ခဲ့ကြသည်။
ထိုမှတစ်ဆင့် ပြည်နယ်ဝန်ကြီးချုပ်နှင့် အဖွဲ့ဝင်များသည် ဝိုင်းမော်မြို့ အမှတ်(၅) အေးသာယာရပ်ကွက်အတွင်း ယာယီခိုလှုံနေထိုင်လျက်ရှိသည့် အိမ်ထောင်စုများထံသွားရောက်ပြီး ရင်းရင်းနှီးနှီး လိုက်လံနှုတ်ဆက်အားပေးကြကာ အိမ်ထောင်စုများအား မုန့်များ လိုက်လံဝေငှကျွေးမွေးခဲ့ကြပြီး စခန်းအတွင်း မိသားစုများ နေထိုင်စားသောက်နေမှုအခြေအနေများ၊ သောက်သုံးရေလုံလောက်စွာ ရရှိရေးအတွက် ရေတွင်းများ တူးဖော်ဆောင်ရွက်နေမှုအခြေအနေများ၊ အဆောင်သစ်များ တိုးချဲ့ဆောက်လုပ်နေမှု အခြေအနေများကို လှည့်လည်ကြည့်ရှုစစ်ဆေးပြီး လိုအပ်ချက်များကို စခန်းတာဝန်ခံများ၊ ဌာနဆိုင်ရာတာဝန်ရှိသူများနှင့် ညှိနှိုင်းပေါင်းစပ်ဆောင်ရွက်ပေးခဲ့သည်။
ထို့အပြင် ပြည်နယ်ဝန်ကြီးချုပ်သည် ပြည်နယ်သယံဇာတရေးရာဝန်ကြီး ဦးတိန့်ဆောင်နှင့်အတူ ယနေ့ နံနက်အစောပိုင်းကလည်း မြစ်ကြီးနားမြို့ သန့်ရှင်းသာယာလှပရေးအတွက် ရုံးကြီးလမ်းနှင့် အောင်ဆန်းလမ်းဆုံနေရာမှ အောင်ဆန်းလမ်းတစ်လျှောက် စည်ပင်သာယာရေးအဖွဲ့ အရာထမ်း၊ အမှုထမ်းများ၊ Kachin State Clean & Green Team အဖွဲ့ဝင်များနှင့် အမှိုက်များ ကောက်ယူခြင်း၊ သစ်ပင်ကြီးများ ခုတ်ထွင်ပေးခြင်း၊ ခြုံနွယ်များ ရှင်းလင်းပေးခြင်းတို့ကို စုပေါင်းဆောင်ရွက်ခဲ့ကြကြောင်း သိရသည်။
ပြည်နယ် (ပြန်/ဆက်)