မိတ္ထီလာ ဇွန် ၆
မန္တလေးတိုင်းဒေသကြီး၊ မိတ္ထီလာခရိုင် မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ်ခွဲမှ ၂၀၂၄ ခုနှစ် မိုးရာသီစိုက်ပျိုးစရိတ်ချေးငွေ ပေးအပ်ပွဲအခမ်းအနားကို ယနေ့ နံနက် ၁၀ နာရီအချိန်က အဆိုပါဘဏ်ခွဲတွင် ကျင်းပခဲ့ကြောင်း သိရသည်။
၂၀၂၄ခုနှစ် မိုးရာသီ စိုက်ပျိုးစရိတ်ချေးငွေပေးအပ်ပွဲတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးဇော်အောင်လေးက အမှာစကားပြောကြားပြီး မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ်ခွဲ မိတ္ထီလာခရိုင်မန်နေဂျာ ဒေါ်မာမာသီက မြို့နယ်အတွင်း ချေးငွေကြွေးကျန်များပြေကြေစွာကောက်ခံရရှိရေးနှင့် ပြေကြေသည့် တောင်သူများအား ချေးငွေသစ်များ ပြန်လည်ထုတ်ချေးပေးခြင်းကိစ္စရပ်များနှင့် စည်းမျဉ်းစည်းကမ်းများ၊ အတိုးနှုန်းများ၊ ငွေချေးတောင်သူများ သီးနှံအာမခံထားရှိနိုင်ရေးနှင့် ဘဏ်လုပ်ငန်းဆိုင်ရာများကို အသေးစိတ်ရှင်းလင်းဆွေးနွေးသည်။ ဆက်လက်၍ ခရိုင်အာမခံလုပ်ငန်းတာဝန်ခံဦးဌေးလွင်က သီးနှံအာမခံအကြောင်းကို ရှင်းလင်းဆွေးနွေးပြီး တောင်သူများက အာမခံလုပ်ငန်းနှင့် ပတ်သက်၍ သိရှိလိုသည်များ မေးမြန်းဆွေးနွေးရာ ခရိုင်တာဝန်ခံက ပြန်လည်ရှင်းလင်းဆွေးနွေးပေးခဲ့ကြောင်း သိရသည်။ ထို့နောက် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးဇော်အောင်လေး၊ မိတ္ထီလာခရိုင်မန်နေဂျာ ဒေါ်မာမာသီနှင့် တာဝန်ရှိသူများက ညောင်ကိုင်းကျေးရွာမှ တောင်သူ ၈၄ ဦးတို့အား စပါးတစ်ဧကလျင် ငွေကျပ် တစ်သိန်းခွဲနှုန်း၊ ယာသီးနှံတစ်ဧကလျင် ငွေကျပ်တစ်သိန်းနှုန်းတို့ဖြင့် မိုးစပါးစိုက်ဧက ၂၈၁ ဧကနှင့် အခြားသီးနှံ စိုက်ဧက ၁၃ ဧကတို့အတွက် စိုက်ပျိုးစရိတ်ချေးငွေကျပ် သိန်း ၄၃၄.၅၀ ကို ထုတ်ချေးခဲ့ကြောင်း သိရသည်။
မိတ္ထီလာခရိုင် မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ်ခွဲမှ ၂၀၂၄-၂၀၂၅ ခုနှစ် ဘဏ္ဍာရေးနှစ်၌ စိုက်ပျိုးစရိတ်ချေးငွေထုတ်ချေးရန် ကျေးရွာအုပ်စု ၅၃ အုပ်စုမှ မိုးစပါးစိုက်ပျိုးရန်လျာထားဧက ၁၂၀၀၀ နှင့် အခြားသီးနှံဧက ၄၂၀၀၀ တို့အတွက် ထုတ်ချေးရန် လျာထားငွေကျပ်သိန်း ၆၀၀၀၀ လျာထားကြောင်း သိရသည်။
သိန်းမြင့်ကျော်