လားရှိုးမြို့နယ်အတွင်းရှိ ကျေးရွာကျောင်းများတွင် တက်ရောက်နေကြသည့် ကျောင်းသား၊ ကျောင်းသူများအတွက် အစားအစာများနှင့် အဝတ်အထည်များ လှူဒါန်း

လားရှိုး ဇွန် ၆

ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ လားရှိုးမြို့၌ ၂၀၂၄-၂၀၂၅ ပညာသင်နှစ်တွင် ဖွင့်လှစ်လျက်ရှိသည့် ကျေးရွာများရှိ အခြေခံပညာကျောင်းများသို့ မြို့နယ်ပညာရေးမှူးနှင့် စေတနာရှင်အလှူရှင်များက သွားရောက်ကာ လိုအပ်သည်များကို သွားရောက်လှူဒါန်းခဲ့ကြကြောင်း သိရသည်။

မြို့နယ်ပညာရေးမှူး ဒေါ်အုန်းဆန်းနှင့် စေတနာရှင်အလှူရှင်များက ယနေ့နံနက်ပိုင်းတွင် လားရှိုးမြို့နယ် နမ့်တွန်းကျေးရွာ၊ မတ်ချိနုကျေးရွာနှင့် ကောင်းကြဲ(ဟိုပိတ်)ကျေးရွာများရှိ အခြေခံပညာမူလတန်းကျောင်းများသို့ သွားရောက်ကာ လိုအပ်လျက်ရှိသည့် ကျောင်းသုံးစာရေးကိရိယာများ၊ အဝတ်အထည်များ၊ မုန့်များ၊ ထီးနှင့် ခေါက်ဆွဲခြောက်များကို ပေးအပ်လှူဒါန်းခဲ့ကြကြောင်း သိရသည်။

လားရှိုးမြို့နယ်တွင် ၂၀၂၄-၂၀၂၅ ပညာသင်နှစ်အတွင်း အခြေခံပညာအထက်တန်းကျောင်း ၁၄ ကျောင်း၊ အထက်တန်းကျောင်းခွဲ ၁၀ ကျောင်း၊ အလယ်တန်းကျောင်း ၃ ကျောင်း၊ အလယ်တန်းကျောင်းခွဲ ၂၄ ကျောင်း၊ မူလတန်းလွန်ကျောင်း ၄၉ ကျောင်း၊ မူလတန်းကျောင်း ၇၉ ကျောင်း၊ မူလတန်းကျောင်းခွဲ ၃၇ ကျောင်းစုစုပေါင်း ၂၁၆ ကျောင်းရှိကြောင်း သိရသည်။

စိုင်းထွန်း (လားရှိုး)