ကျောက်မဲမြို့တွင် ဖွင့်လှစ်ထားသည့် အခြေခံပညာနှင့် စက်မှု၊ စိုက်ပျိုး၊ မွေးမြူရေး အထက်တန်းကျောင်းတွင် G-9 အောင်မြင်ပြီးသူများ တက်ရောက်နိုင်ကြောင်း အသိပညာပေးဟောပြော

ကျောက်မဲ ဇွန် ၆

ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ ကျောက်မဲမြို့၊ အ.ထ.က (၃) ကျောင်းခန်းမတွင် ယမန်နေ့ မွန်းလွဲ  (၁) နာရီ အချိန်က တာဝန်ရှိသူများသည် ကျောက်မဲမြို့၌ ဖွင့်လှစ်ထားသည့် အခြေခံပညာနှင့် စက်မှု၊ စိုက်ပျိုး၊ မွေးမြူရေး အထက်တန်းကျောင်းသို့ Grate 9 အောင်မြင်ပြီးသူ ကျောင်းသား၊ ကျောင်းသူများ လျှောက်ထားတက်ရောက်နိုင်ကြောင်း ပြည်သူများ ကျယ်ကျယ်ပြန့်ပြန့်သိစေရန်ရည်ရွယ်၍ အသိပညာဟောပြောပွဲ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

ရှေးဦးစွာ ကျောက်မဲမြို့နယ် ပညာရေးမှူး ဒေါ်ခင်ဌေးက အဖွင့်အမှာစကားပြောကြားပြီး  မွေးမြူရေးနှင့်ကုသရေးဦးစီးဌာနမှ  မြို့နယ်ဦးစီးမှူး ဒေါက်တာဝေမာထွန်း၊ စိုက်ပျိုးရေးဦးစီးဌာနမှ မြို့နယ်ဦးစီးမှူး ဒေါ်ဆွေဆွေမြင့်နှင့် စက်မှု၊ စိုက်ပျိုး၊ မွေးမြူရေးကျောင်းမှ စက်မှုကထိက ဒေါ်ဝါဝါဝင်းတို့က ၂၀၂၃-၂၀၂၄ ပညာသင်နှစ်မှစ၍  ကျောက်မဲမြို့၊ အမှတ် (၃) အခြေခံပညာအထက်တန်း‌ကျောင်း၌ စက်မှုနည်းပညာ၊ စိုက်ပျိုးရေးအတတ်ပညာနှင့် မွေးမြူရေး အတတ်ပညာများကို အထက်တန်းပညာနှင့်တွဲဖက်၍ ဖွင့်လှစ်သင်ကြားပေးနေသည့် အခြေအနေများ၊  ဘာသာရပ်အလိုက် ရွေးချယ်တက်ရောက်နိုင်သည့် အခြေအနေများနှင့် ရွေးချယ်တက်ရောက်သည့် ဘာသာရပ်အလိုက် ရရှိလာနိုင်မည့် အခွင့်အလမ်းများအကြောင်းကို အသီးသီးဟောပြောဆွေးနွေးခဲ့ခြင်း၊ ကျောင်းသားမိဘများ၏ မေးမြန်းမှုများကို ပြန်လည်ဖြေကြားဆွေးနွေးခြင်းများ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

အဆိုပါ ဟောပြောပွဲသို့ ကျောင်းသားမိဘများနှင့် ကျောင်းသား၊ ကျောင်းသူ (၀၀) ဦးခန့် တက်ရောက်ခဲ့ကြောင်း၊ အလားတူဟောပြောပွဲကို အခြားအထက်တန်းကျောင်းများတွင် ဆက်လက်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။

မိုင်းထွန်း(ပြန်/ဆက်)