ချမ်းအေးသာစံ ဇွန် ၆
၂၀၂၄ ခုနှစ် မန္တလေးတိုင်းဒေသကြီးအစိုးရအဖွဲ့ဝန်ကြီးချုပ်ဖလား ခရိုင်ပေါင်းစုံ အသက် ၂၅ နှစ်အောက် (အမျိုးသား) ဖူဆယ်ဘောလုံးပြိုင်ပွဲ ဖွင့်ပွဲအခမ်းအနားကို ယနေ့နံနက်ပိုင်းက ချမ်းမြသာစည်မြို့နယ်ရှိ မန္တလာသီရိအားကစားကွင်း Multipurpose Stadiumတွင် ကျင်းပရာ မန္တလေးတိုင်းဒေသ ကြီးအစိုးရအဖွဲ့ဝန်ကြီးချုပ် ဦးမျိုးအောင်၊ တိုင်းဒေသကြီးတရားလွှတ်တော် တရားသူကြီးချုပ်ဒေါ်ခင်သင်းဝေ၊ တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင်ဝန်ကြီးများ၊ ဌာနဆိုင်ရာတာဝန်ရှိသူများ၊ တိုင်းဒေသကြီးဖူဆယ်ဘောလုံးဆပ်ကော်မတီမှ တာဝန်ရှိသူများ၊ ခရိုင် ၁၁ ခုမှ ပြိုင်ပွဲဝင်အားကစားသမားများ၊ အုပ်ချုပ်သူ၊ နည်းပြများ၊ အားကစားဝါသနာရှင်များနှင့် ဖိတ်ကြားထားသူများ တက်ရောက်အားပေးကြသည်။
အခမ်းအနား၌ တိုင်းဒေသကြီးဝန်ကြီးချုပ်က အဖွင့်အမှာစကားပြောကြားရာတွင် ၂၀၂၄ ခုနှစ် ဇူလိုင်လတွင် နေပြည်တော်၌ ကျင်းပမည့် တိုင်းဒေသကြီးနှင့်ပြည်နယ် ဖူဆယ်ဘောလုံးပြိုင်ပွဲနှင့် ဒီဇင်ဘာလတွင်ကျင်းပမည့် ပဉ္စမအကြိမ်အမျိုးသားအားကစားပွဲတော်တွင် မန္တလေးတိုင်းဒေသကြီးအသင်း အောင်မြင်မှုရရှိစေရန်၊ ဖူဆယ်အားကစားနည်းကို နည်းစနစ်တကျ စည်းမျဉ်းဥပဒေများနှင့်အညီ ကစားတတ်စေရန်၊ မြန်မာ့လက်ရွေးစင်ဖူဆယ်အသင်းကို ထောက်ပံ့ပေးနိုင်သော ဖူဆယ်အားကစားသမားများ ပေါ်ပေါက်လာနိုင်စေရန် ရည်ရွယ်ချက်များဖြင့် ကျင်းပခြင်းဖြစ်ပါကြောင်း၊ ပြိုင်ပွဲများတွင်အနိုင်မခံအရှုံးမပေးသည့် အားကစားစိတ်ဓာတ်အပြည့်အဝဖြင့် ပြိုင်ပွဲစည်းမျဉ်းစည်းကမ်းများနှင့်အညီ ယှဉ်ပြိုင်ကစားကာ နိုင်ငံ့ဂုဏ်ဆောင်အားကစားသမားများ ဖြစ်လာအောင် ကြိုးစားသွားကြရမည်ဖြစ်ပါကြောင်း ပြောကြားပြီး ပြိုင်ပွဲကို ဖွင့်လှစ်ပေးခဲ့သည်။
ဆက်လက်၍ ပြိုင်ပွဲဝင်အားကစားသမားများက ပြိုင်ပွဲဝင်အားကစားသစ္စာအဓိဋ္ဌာန်များ ရွတ်ဆိုပြီးနောက် တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့်အဖွဲ့သည် ခရိုင် ၁၁ ခုမှ ပြိုင်ပွဲဝင်အားကစားသမားများအား လိုက်လံနှုတ်ဆက်၍ အားကစားပစ္စည်းများ ထောက်ပံ့ပေးအပ်ပြီး ပွဲဦးထွက် ညောင်ဦးခရိုင်အသင်းနှင့် မြင်းခြံခရိုင်အသင်းတို့ အကြိတ်အနယ်ယှဉ်ပြိုင်ကစားနေမှုများကို ကြည့်ရှုအားပေးခဲ့ကြောင်းနှင့် အုပ်စုပွဲစဉ်အလိုက် နေ့စဉ်ယှဉ်ပြိုင်ကစားသွားမည်ဖြစ်ပြီး ဇွန် ၁၂ ရက်တွင် ဗိုလ်လုပွဲနှင့် ဆုချီးမြှင့်ခြင်းအခမ်းအနားကို ကျင်းပသွားမည်ဖြစ်ကြောင်း သတင်းရရှိသည်။
ထွန်းထွန်းနိုင်