ချောင်းဆုံ ဇွန် ၆
မွန်ပြည်နယ်၊ ချောင်းဆုံမြို့နယ်တွင် မိုးစပါးစိုက်တောင်သူများ အချိန်မီစိုက်ပျိုးနိုင်ရေးအတွက် စိုက်ပျိုးစရိတ်ချေးငွေများကို မြို့နယ်မြန်မာ့လယ်ဖွံ့ဖြိုးရေးဘဏ်(ခွဲ)မှ ဆက်လက်ထုတ်ချေးပေးလျက်ရှိရာ ယနေ့တွင် နတ်မှော်ကျေးရွာနှင့် အဘစ်ကျေးရွာတို့မှ တောင်သူ (၉၀)ဦး၏ စိုက်ဧက (၆၄၇)ဧကအတွက် ချေးငွေ သုံးရာတစ်ဆယ့်ကိုးသိန်းငါးသောင်းကျပ် ထုတ်ပေးခဲ့ကြောင်း သိရသည်။
၂၀၂၄ ခုနှစ်အတွက် မိုးစပါးစိုက်ပျိုးစရိတ်ချေးငွေများကို မြို့နယ်အတွင်းရှိ ကျေးရွာအုပ်စု (၄၆)အုပ်စုမှ မိုးစပါးစိုက်ဧက (၃၄၄၄၂)ဧကအတွက် ချေးငွေ သိန်းပေါင်း (၅၁၆၆၃)သိန်းခန့်အား ထုတ်ချေးနိုင်ရန် လျာထားလျက်ရှိကြောင်း၊ စိုက်ဧက တစ်ဧကလျှင် တစ်သိန်းငါးသောင်းနှုန်းဖြင့် တောင်သူတစ်ဦးလျှင် အများဆုံး (၁၀)ဧကအထိ ထုတ်ချေးပေးလျက်ရှိကြောင်းနှင့် စိုက်ပျိုးစရိတ်ချေးငွေများကို လယ်ယာလုပ်ငန်းခွင်များတွင် အကျိုးရှိရှိအသုံးပြုစေလိုကြောင်း မြို့နယ်မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ်(ခွဲ)မန်နေဂျာ ဒေါ်သီတာထွန်းက ပြောကြားခဲ့သည်။
အဆိုပါ မိုးစပါးစိုက်ပျိုးစရိတ်ချေးငွေများကို မေ(၂၀)ရက်နေ့မှ စတင်ထုတ်ပေးခဲ့ရာ ဇွန်လ (၆) ရက်နေ့အထိ ကျေးရွာ (၉)ရွာမှ တောင်သူ (၄၃၀) ဦး၏ မိုးစပါးစိုက်ဧက (၂၉၄၀) ဧကအတွက် ချေးငွေ စုစုပေါင်း သိန်းလေးထောင်လေးရာဆယ်သိန်းကျပ်ကို ထုတ်ပေးနိုင်ခဲ့ပြီး ကျန်ရှိသည့် ကျေးရွာများကိုလည်း စက်တင်ဘာလကုန်အထိ ဆက်လက်ထုတ်ချေးပေးသွားမည်ဖြစ်ကြောင်း သိရသည်။
မြို့နယ်(ပြန်/ဆက်)