မြစ်သား ဇွန် ၆
မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင်၊ မြစ်သားမြို့နယ်တွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဝန်ထမ်းများမှ စာပေဖတ်ရှုမှုမှရရှိသည့် ဗဟုသုတများ တိုးပွားစေရန် စာအုပ်စာစောင်များကို Mobile Library စနစ်ဖြင့် ဌာနဆိုင်ရာရုံးများအရောက် ငှားရမ်းပေးခြင်းကို ယနေ့ နံနက် (၁၀)နာရီက မြို့နယ်ထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံး၊ မြို့နယ်စည်ပင်သာယာရေးအဖွဲ့ရုံး၊ မြို့နယ်ဥပဒေဆိုင်ရာ အထောက်အကူပေးရေးအဖွဲ့ရုံးနှင့် မီးသတ်ဦးစီးဌာနရုံးများရှိ ဝန်ထမ်းများအား စာအုပ်စာစောင်များကို (အခမဲ့) ငှားရမ်းပေးခဲ့ကြောင်း သိရသည်။
ထိုသို့ဆောင်ရွက်ရာတွင် မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဝန်ထမ်းများက အလုပ်တာဝန်များကြောင့် စာကြည့်တိုက်သို့ လာရောက်ငှားရမ်းရန် အခက်အခဲရှိသည့် စာဖတ်ပရိသတ်များအတွက် စာဖတ်သူများအဆင်ပြေစေရန်၊ စာဖတ်သည့်အလေ့အကျင့်ကောင်းများရရှိစေရန်၊ စာဖတ်ရှိန်မြှင့်တင်ရေးအတွက် ရည်ရွယ်၍ သုတစာအုပ်များ၊ ဝတ္ထု၊ မဂ္ဂဇင်းစာအုပ်များ ကလေးများအတွက် ပုံပြင်စာအုပ်များကို မြို့နယ်အတွင်းရှိ ဌာနဆိုင်ရာဝန်ထမ်းများ လက်ဝယ်အရောက် ငှားရမ်းပေးခဲ့ရာ စုစုပေါင်း စာငှားသူဦးရေ (၁၀၂) ဦးရှိကြောင်း သိရသည်။
ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန မြစ်သားမြို့နယ် ရုံးဝန်ထမ်းများအနေဖြင့် ဌာနဆိုင်ရာဝန်ထမ်းများ အားလပ်ချိန်ကို အကျိုးရှိစွာ အသုံးချတတ်စေရန်နှင့် စာပေများကို အလွယ်တကူ လေ့လာဖတ်ရှုနိုင်စေရန် ဌာနဆိုင်ရာရုံးများသို့ လစဉ်သွားရောက်၍ စာအုပ်အသစ်များနှင့် လဲလှယ်ငှားရမ်းပေးသွားမည်ဖြစ်ကြောင်း သိရသည်။
ဝင်းမင်းထွန်း (မြစ်သား)