ကလောမြို့နယ် အထူးကုဆရာဝန်ကြီးများမှ ဘော်ဆိုင်းဒေသခံပြည်သူများအား ဆေးကုသမှုဆောင်ရွက်ပေး

ဘော်ဆိုင်း ဇွန် ၆

ရှမ်းပြည်နယ်အစိုးရအဖွဲ့၏ ဦးဆောင်မှုဖြင့် ကလောမြို့နယ်အထူးကုဆရာဝန်ကြီးများက ဘော်ဆိုင်းဒေသခံ ပြည်သူများအား ဇွန်လ (၄) ရက် နံနက် (၈) နာရီက ကလောမြို့နယ်၊ ဘော်ဆိုင်းမြို့ပြည်သူ့ဆေးရုံတွင် ဆေးကုသစမ်းသပ်ပေးနေမှုကို ရှမ်းပြည်နယ်ဝန်ကြီးချုပ် ဦးအောင်အောင်၊ ပြည်နယ်လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီး၊ ပြည်နယ်လူမှုရေးရာဝန်ကြီး၊ ခရိုင်၊ မြို့နယ်အဆင့်ဌာနဆိုင်ရာများနှင့် တာဝန်ရှိသူတို့က ဆေးလာရောက်ကုသနေသော ဒေသခံပြည်သူများကို ကြည့်ရှုအားပေးစကား ပြောကြားခဲ့ပြီး ဘော်ဆိုင်းပြည်သူ့ဆေးရုံအတွက် ပြည်နယ်ဝန်ကြီးချုပ် ဦးအောင်အောင်က ထောက်ပံ့ငွေပေးအပ်ရာ ဘော်ဆိုင်းပြည်သူ့ဆေးရုံ ဆရာဝန်ကြီးနှင့် ဆရာမများမှ လက်ခံရယူကြ သည်။

အဆိုပါ ဘော်ဆိုင်းဒေသခံပြည်သူများအား ကလောပြည်သူ့ဆေးရုံအုပ်ကြီး ဒေါက်တာစန်းလှိုင်မှ ဦးဆောင်၍ အထူးကုဆရာဝန်ကြီးများက အထွေထွေရောဂါ၊ ခွဲစိတ်အထူးကု၊ သွားနှင့်ခံတွင်း၊ ဓါတ်မှန်၊ ကလေးအထူးကု၊ သားဖွားမီးယပ်၊ အရိုးရောဂါတို့ကို စမ်းသပ်ကုသပေးပြီး ပြည်နယ်ဝန်ကြီးချုပ် ဦးအောင်အောင်နှင့် တာဝန်ရှိသူများက အမျိုးသမီးကုသဆောင် ဆေးများထုတ်ပေးနေမှု၊ ကျန်းမာရေး အသိပညာ ဟောပြောနေမှုနှင့် ကိုဗစ်-၁၉ ကာကွယ် ဆေးထိုးပေးနေမှုကို ကြည့်ရှုအားပေး စကားပြောကြားခဲ့ကြောင်း သိရသည်။

ဆက်လက်၍ ဘော်ဆိုင်းမြို့ အမှတ် (၆) အခြေခံပညာအထက်တန်းကျောင်းတွင် ကျောင်းသား၊ ကျောင်းသူများ အေးချမ်းစွာ စာသင်ကြားနေမှုကို ပြည်နယ်ဝန်ကြီးချုပ် ဦးအောင်အောင်၊ ပြည်နယ်ဝန်ကြီးများနှင့် တာဝန်ရှိသူတို့က လှည့်လည်ကြည့်ရှု၍ ကျောင်းရှိစာကြည့်တိုက်၊ ကမ္ဘောဇခန်းမတို့ကို ကြည့်ရှုစစ်ဆေးကာ လိုအပ်သည်များ မှာကြားခဲ့ပြီး ပြည်နယ်ဝန်ကြီးချုပ်က ကျောင်းအတွက် ထောက်ပံ့ငွေပေးအပ်ရာ ကျောင်းအုပ်ဆရာမကြီးနှင့် ဆရာမများမှ လက်ခံရယူကြကြောင်း သိရသည်။

မောင်မောင်သန်း(တောင်ကြီး)