မောက်မယ် ဇွန် ၆
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ လင်းခေးခရိုင်၊ မောက်မယ်မြို့နယ်အတွင်းရှိ တိုင်းရင်းသားလုပ်သား ပြည်သူများအား ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းများ ကွင်းဆင်းဆောင်ရွက်ရေး အရှိန် အဟုန်မြှင့်တင်၍ ယခုမိုးဦးကာလတွင်ငှက်ဖျားရောဂါ၊ သွေးလွန်တုတ်ကွေးရောဂါ၊ ဝမ်းကိုက် ဝမ်းလျှောရောဂါများ ကြိုတင်ကာကွယ်နှိမ်နှင်းရေး၊ ပိုးလောက်လန်းမှအစ ခြင်ပေါက်ဖွားမှုမရှိစေ ရေးအတွက် ကျန်းမာရေးဝန်ထမ်းများက ယနေ့ နံနက် ၇ နာရီမှစ၍ ရပ်ကွက်များအတွင်း ကွင်းဆင်းဆောင်ရွက်ခဲ့ကြကြောင်း သိရသည်။
ထိုသို့ဆောင်ရွက်ရာတွင် ကျန်းမာရေးဦးစီးဌာနမှ တာဝန်ရှိသူများက အိမ်တိုင်းတွင်ထားရှိသော ဘုရားပန်းအိုးများ၊ မိုးရေများတင်ကျန်နိုင်သည့်တာယာခွံ၊ ရေအိုးဟောင်းများနှင့် ဗူးခွံများတွင် ရေများ တာရှည်စွာမထားနိုင်ရေးဆောင်ရွက်ပေးကြရန်၊ အိမ်ခြံဝန်းအတွင်းရှိ အမှိုက်ချုံနွယ် ပေါင်းမြက်များရှင်း လင်းစေခြင်း၊ ဖုံး၊ သွန်၊ လဲ၊ စစ်လုပ်ငန်းများ ဆောင်ရွက်စေခြင်း၊ ပိုးလောက်လန်းသေ (Abate) အဘိတ်ဆေးများ ခတ်ပေးခြင်း၊ ရေစီးရေလာကောင်းမွန်ရေး ရေမြောင်းတူးဖော်ခြင်း လုပ်ငန်းဆောင်ရွက်စေရေး၊ ကျန်းမာရေးဝန်ထမ်းများတို့က အသိပညာပေး ဟောပြောခဲ့ကြောင်း သိရသည်။
စိုင်းမျိုးသန့်(မောက်မယ်)