ပခုက္ကူတက္ကသိုလ်၌ ကမ္ဘာ့ပတ်ဝန်းကျင် ထိန်းသိမ်းရေးနေ့ အထိမ်းအမှတ် အခမ်းအနားကျင်းပ

ပခုက္ကူ ဇွန် ၆

မကွေးတိုင်းဒေသကြီး၊ ပခုက္ကူမြို့ရှိ ပခုက္ကူတက္ကသိုလ်၌ ၂၀၂၄ ခုနှစ် ကမ္ဘာ့ပတ်ဝန်းကျင် ထိန်းသိမ်းရေးနေ့ အထိမ်းအမှတ် အခမ်းအနားကို ယမန်နေ့ မွန်းလွဲ ၂ နာရီအချိန်က အဆိုပါတက္ကသိုလ် ကျွန်းရွှေဝါခန်းမ၌ ကျင်းပသည်။

အခမ်းအနားတွင် ပခုက္ကူတက္ကသိုလ် ခေတ္တပါမောက္ခချုပ် ဒေါက်တာတင်ထွန်းအောင်က အဖွင့်အမှာစကားပြောကြားပြီး ပထဝီဝင်ဌာနမှ ကထိက ဒေါက်တာရဲလင်းနောင်က “ကမ္ဘာ့ပတ်ဝန်းကျင်ထိန်းသိမ်းရေး လူတိုင်းအလေးထားဆောင်ရွက်ပေး” ခေါင်းစဉ်ဖြင့်လည်းကောင်း၊ ဓာတုဗေဒဌာနမှ တွဲဖက်ပါမောက္ခ ဒေါက်တာမာလာမြင့်သက်စံက “The impact of Ozone Deplection and Acid Rain” ခေါင်းစဉ်ဖြင့်လည်းကောင်း အသီးသီးရှင်းလင်း ဟောပြောကြရာ ခေတ္တပါမောက္ခချုပ်နှင့် တာဝန်ရှိသူများက ဂုဏ်ပြု လက်ဆောင်ပစ္စည်းများ ပေးအပ်ချီးမြှင့်ကြသည်။

ဆက်လက်၍ ၂၀၂၄ ခုနှစ် ကမ္ဘာ့ပတ်ဝန်းကျင် ထိန်းသိမ်းရေးအထိမ်းအမှတ် အသိပညာပေး နံရံကပ်စာစောင်ပြသရာ ခေတ္တပါမောက္ခချုပ်နှင့် ဒုတိယပါမောက္ခချုပ်များ၊ ဘာသာရပ်ဌာနအသီးသီးမှ ပါမောက္ခ(ဌာနမှူး)များ၊ ဆရာ၊ ဆရာမများ၊ ကျောင်းသား၊ ကျောင်းသူများက လိုက်လံကြည့်ရှုအားပေးကြကြောင်း သိရသည်။

ဘာမီသာ(ပခုက္ကူ)