စားအုန်းဆီစားသုံးမှု လျှော့ချရေးနှင့် ပြည်တွင်းဆီစားသုံးမှုဖူလုံရေး၊ ဆီစက်လုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေး အသိပညာပေး Talk Show ကျင်းပ

လယ်ဝေး ဇွန် ၅

နေပြည်တော်ကောင်စီကကြီးမှူး၍ စားအုန်းဆီစားသုံးမှုလျှော့ချရေးနှင့် ပြည်တွင်းဆီ စားသုံးမှုဖူလုံရေး၊ ဆီစက်လုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေး အသိပညာပေး Talk Show ကို ယနေ့ နံနက်ပိုင်းက ဒက္ခိဏသီရိမြို့နယ်၊ လယ်ဝေးခရိုင်၊ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ အစည်းအဝေးခန်းမ၌ ကျင်းပခဲ့သည်။

ဆက်လက်၍ စားသုံးသူရေးရာဦးစီးဌာန၊ နေပြည်တော်တိုင်းဦးစီးမှူး ဒုတိယညွှန်ကြားရေးမှူး ဦးရဲမျိုးလွင်က Mondrator အဖြစ်ဆောင်ရွက်ကာ နေပြည်တော်၊ စိုက်ပျိုးရေးဦးစီးဌာန၊ ဒုတိယညွှန်ကြားရေးမှူး ဦးစိုးနိုင်က ဆီထွက်သီးနှံများ စိုက်ပျိုးထုတ်လုပ်မှုနှင့် တစ်ဧက အထွက်နှုန်း တိုးတက်ရေးအတွက် စီမံဆောင်ရွက်နေသည့် အခြေအနေများ၊ ရင်းနှီးမြှုပ်နှံမှုနှင့် ကုမ္ပဏီများညွှန်ကြားမှုဦးစီးဌာနမှ ဒုတိယညွှန်ကြားရေးမှူး ဒေါ်ဝတ်ရည်ဖြိုးက ဆီထွက်သီးနှံကဏ္ဍရှိ စီးပွားရေးလုပ်ငန်းများ စနစ်တကျ ဖွဲ့စည်းတည်ဆောက်နိုင်ရန်နှင့် ရင်းနှီးမြှုပ်နှံမှု အားပေးမြှင့်တင်ဆောင်ရွက်မှုများ၊ စက်မှုကြီးကြပ်ရေးနှင့်စစ်ဆေးရေးဦးစီးဌာနမှ ညွှန်ကြားရေးမှူး ဦးဝင်းဦးက နေပြည်တော်ကောင်စီနယ်မြေအတွင်း စက်မှုမှတ်ပုံတင် ဆီစက်လုပ်ငန်းများ၏ ကြိတ်ခွဲထုတ်လုပ်နိုင်မှုများ၊ အသေးစားစက်မှုလက်မှုလုပ်ငန်းဦးစီးဌာနမှ ဒုတိယညွှန်ကြားရေးမှူး ဦးကျော်ကျော်သက်က အသေးစား ဆီလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေးအခြေအနေများ၊ စားသုံးသူရေးရာဦးစီးဌာနမှ ဒုတိယညွှန်ကြားရေးမှူး ဦးရဲမျိုးလွင်က စားအုန်းဆီ စားသုံးမှု လျှော့ချရေးနှင့် ကုန်စည်များ ထုတ်လုပ်ရောင်းချရာတွင် မဖြစ်မနေ ဖော်ပြရမည့် ကုန်အညွှန်း အမှတ်အသားဖော်ပြခြင်းဆိုင်ရာ ကိစ္စရပ်များ၊ အစားအသောက်နှင့် ဆေးဝါးကွပ်ကဲရေးဦးစီးဌာနမှ လက်ထောက်ညွှန်ကြားရေးမှူး ဒေါက်တာ နှင်းနှင်းဝေက ဆီအမျိုးမျိုးနှင့် FDAလျှောက်ထားရာတွင် လိုအပ်သည့်အချက်အလက်များအား ဆွေးနွေးပြောကြားသည်။

ထို့နောက် တက်ရောက်လာကြသည့် ဆီစက်လုပ်ငန်းရှင်များ၊ ဆီ လက်လီ/လက်ကား ကိုယ်စားလှယ်များက သိလိုသည်များကို မေးမြန်းရာ တာဝန်ရှိသူများက ပြန်လည်ရှင်းလင်းဆွေးနွေးခဲ့သည်။ ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်အတွင်းရှိ ခရိုင် ၄ ခုတွင် စက်မှုကြီးကြပ်ရေးနှင့် စစ်ဆေးရေးဦးစီးဌာန၌ မှတ်ပုံတင်ထားသော ဆီစက်လုပ်ငန်း ၉၁ ခု၊ စားအုန်းဆီ လက်လီ/လက်ကား ဖြန့်ဖြူးရောင်းချသူများနှင့် MSME လုပ်ငန်းများတွင် ပါဝင်သည့်လုပ်ငန်းရှင်များအား အသိပညာပေး Talk Show များကို ဆက်စပ်ဌာနများဖြစ်သည့် စိုက်ပျိုးရေးဦးစီးဌာန၊ ရင်းနှီးမြှုပ်နှံမှုနှင့်ကုမ္ပဏီများညွှန်ကြားမှုဦးစီးဌာန၊ စက်မှုကြီးကြပ်ရေးနှင့် စစ်ဆေးရေးဦးစီးဌာန၊ အသေးစားစက်မှုလုပ်ငန်းဦးစီးဌာန၊ စားသုံးသူရေးရာဦးစီးဌာန၊ အစားအသောက်နှင့် ဆေးဝါးကွပ်ကဲရေးဦးစီးဌာန၊ နေပြည်တော် MSME အသင်းတို့နှင့် ပူးပေါင်း၍ တစ်လလျှင် နှစ်ကြိမ် ကျင်းပမည်ဖြစ်ကြောင်း သိရသည်။

ဝေကြည်(ပြန်/ဆက်)