တံတား ဇွန် ၆
ရန်ကုန်တိုင်းဒေသကြီး၊ သန်လျင်ခရိုင်၊ တံတားမြို့ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမတွင် စာပေဝါသနာရှင်များနှင့် (Book Club)အဖွဲ့တို့ ပူးပေါင်း၍ စာရေးဆရာ မောင်ရင့်ကျူးရေးသားသည့် “စောင့်လေမျိုးနွယ်နှင့် အမျိုးသားယဉ်ကျေးမှုဆောင်းပါး” စာအုပ်ဖြင့် ယနေ့ နံနက် (၁၀) နာရီအချိန်က စာဖတ်ဝိုင်း ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
ရှေးဦးစွာ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ မြို့ဦးစီးမှုး ဒေါ်မိုးဖြူလွင်က အများပြည်သူများ အသိပညာဗဟုသုတတိုးပွားစေရန်၊ ကိုယ်ပိုင်စာဖတ်ချိန်မရှိသူများအတွက် စာဖတ်ခွင့်မဆုံးရှုံးစေရန်၊ တစ်ဦးနှင့်တစ်ဦး စာပေဗဟုသုတ အပြန်အလှန်ဆွေးနွေးတတ်သည့် အလေ့အကျင့်များရရှိစေရန်နှင့် စာဖတ်ရှိန်မြှင့်တင်နိုင်ရေးအတွက် ရည်ရွယ်၍ လစဉ်စာဖက်ဝိုင်းများ ပြုလုပ်ရခြင်းဖြစ်ကြောင်းကို ရှင်းလင်းပြောကြားခဲ့သည်။
အဆိုပါစာဖက်ဝိုင်းတွင် (Book Club) အဖွဲ့ဝင် ဦးနေလင်းထွန်းမှ “မြန်မာ့ယဉ်ကျေးမှုအမွေ” ခေါင်းစဉ်ဖြင့် ဦးဆောင်ဆွေးနွေးရာတွင် ကမ္ဘာပေါ်ရှိနိုင်ငံအများစုတွင် ကိုယ်ပိုင်ယဉ်ကျေးမှု၊ ကိုယ်ပိုင်စာပေများရှိကြောင်း၊ နိုင်ငံတစ်နိုင်ငံရှိ ရှေးဟောင်းယဉ်ကျေးမှုအမွေအနှစ်များသည် ထိုနိုင်ငံရှိလူမျိုးတို့၏ သမိုင်းပင်ဖြစ်ကြောင်း၊ မြန်မာနိုင်ငံသည်ရှေးယောင်းယဉ်ကျေးမှုအမွေအနှစ်များနှင့်အတူ သမိုင်းဂုဏ်ရောင်ထွန်းပြောင်ခဲ့သည့် နိုင်ငံဖြစ်ကြောင်း၊ ထိုရှေးယောင်းအမွေအနှစ်များသည် မြန်မာလူမျိုးတို့၏ တန်ဖိုးမဖြတ်နိုင်သော ယဉ်ကျေးမှုဖြစ်ကြောင်း၊ မြန်မာယဉ်ကျေးမှုအမွေအနှစ်များ ကမ္ဘာတည်သ၍ တည်တံ့ခိုင်မြဲနေစေရန်မှာ ပြည်သူတစ်ရပ်လုံး၏ တာဝန်ဖြစ်ကြောင်း၊ ယဉ်ကျေးမှုအမွေအနှစ်များ မတိမ်ကော၊ မပပျောက်စေရန် ပူးပေါင်းလျက်ထိန်းသိမ်းစောင့်ရှောက်တတ်ရန်လိုအပ်ကြောင်း ပြောကြားဆွေးနွေးပြီးနောက် (Book Club) အဖွဲ့ဝင် ဒေါ်ယမင်းဦးမှ “လူငယ်များစိတ်ယဉ်ကျေးမှုမြင့်မားစေရန်” ခေါင်းစဉ်ဖြင့်လည်းကောင်း၊ စာပေဝါသနာရှင်များကလည်း အတွေးအခေါ်ဗဟုသုတများ ဖလှယ်ခဲ့ကြကြောင်း သိရှိရသည်။
မိုးဖြူလွင်(ပြန်/ဆက်)