သံဖြူဇရပ် ဇွန် ၆
မွန်ပြည်နယ်၊ သံဖြူဇရပ်မြို့နယ်တွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် အခြေခံပညာဦးစီးဌာနတို့ပူးပေါင်း၍ စာဖတ်ရှိန်မြှင့်တင်ရေးလှုပ်ရှားမှု လူငယ်ရေးရာ အသိပညာပေး ဟောပြောခြင်းနှင့် ပြပွဲ/ပြိုင်ပွဲပြုလုပ်ခြင်းကို ယနေ့နံနက်ပိုင်းက (အ.မ.က) မြမာလာကျောင်း၌ ပြုလုပ်သည်။
ဦးစွာ ကျောင်းအုပ်ဆရာမကြီး ဒေါ်မော်ရီက အမှာစကားပြောကြားပြီး၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဦးစီးအရာရှိ ဒေါ်အေးအေးသီက လူငယ်များ ဗဟုသုတကြွယ်ဝပြီး၊ မိမိ၏ဘဝဖွံ့ဖြိုးတိုးတက်ရေးအတွက် ဗဟုသုတရရှိစေမည့်စာများကို ကျောင်းစာကြည့်တိုက်များတွင် ဖတ်ရှုကြစေရေး၊ မူးယစ်ဆေးဝါးအန္တရာယ်ဆိုင်ရာ အကြောင်းအရာများ၊ ယနေ့ကျောင်းသား၊ ကျောင်းသူများ လူကုန်ကူးမှုမခံရစေရေး လူကုန်ကူးမှုဖြစ်စဥ် အကြောင်းအရာများကို အသိပညာပေးပြောကြားပြီး၊ ကျေးလက်ကျန်းမာရေး ဆရာမဒေါ်အေးမော်က ကျောင်းကျန်းမာရေးဆိုင်ရာ အကြောင်းအရာများ ပြောကြားသည်။
ထို့နောက် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ကျောင်းသား၊ ကျောင်းသူများအား စာဖတ်ရှိန်မြှင့်မားရေး စာဖတ်စွမ်းရည်ပြိုင်ပွဲပြုလုပ်ပေးပြီး၊ စာပေများ ဖတ်ရှုလေ့လာနိုင်ရန် ကလေးကဗျာ၊ ရုပ်ပြ၊ ပုံပြင်စာအုပ်များအား ပြသပေးခြင်းနှင့် အသိပညာပေး နံရံကပ်စာစောင်များကို ပြသခဲ့ရာ ကျောင်းသား၊ ကျောင်းသူများမှ စိတ်ပါ၀င်စားစွာ ဖတ်ရှုလေ့လာခဲ့ကြောင်း သိရသည်။
မြို့နယ်(ပြန်/ဆက်)