မင်္ဂလာဒုံမြို့နယ်၌ မြို့နယ်အဆင့် သဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှု အခြေခံသင်တန်းဖွင့်ပွဲ အခမ်းအနား ကျင်းပ

မင်္ဂလာဒုံ ဇွန် ၅

လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာန၊ ရန်ကုန်တိုင်းဒေသကြီးဦးစီးမှူးရုံးမှ ကြီးမှူး၍ ဖွင့်လှစ်ပေးသည့် မြို့နယ်အဆင့် သဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှု အခြေခံသင်တန်း အမှတ်စဉ် (၁/၂၀၂၄) ဖွင့်ပွဲ အခမ်းအနားကို မင်္ဂလာဒုံမြို့နယ်၊ သပြေညိုမင်္ဂလာခန်းမ၌ ယနေ့ နံနက် ၉ နာရီက ကျင်းပပြုလုပ်သည်။

ဦးစွာ မြို့နယ်သဘာဝဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုအဖွဲ့ဥက္ကဋ္ဌ ဦးထူးကျော်က အဖွင့်အမှာစကား ပြောကြားပြီးနောက် ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ရန်ကုန်တိုင်းဒေသကြီးဦးစီးမှူးရုံးမှ ဒုတိယညွှန်ကြားရေးမှူး ဒေါ်သန်းသန်းဝင်းက သင်တန်းဖွင့်လှစ်ပေးရခြင်းနှင့် ပတ်သက်၍ သဘာဝဘေးအန္တရာယ်များ ကျရောက်လာပါက လူနှင့်တိရိစ္ဆာန်တို့၏ အသက်၊ အိုးအိမ်များကို ကူညီကယ်ဆယ်ရေးလုပ်ငန်းများတွင် စီမံခန့်ခွဲမှု စနစ်တကျ ဆောင်ရွက်နိုင်ကြစေရန်အတွက် သက်ဆိုင်ရာ ကဏ္ဍအလိုက် သင်ကြားပို့ချမှုတို့ကို မှတ်သားလျက် လက်တွေ့မြေပြင်တွင် အသုံးချကြရမည်ဖြစ်ပါကြောင်း စသည်ဖြင့် အကျယ်တဝင့် ရှင်းလင်းပြောကြားသည်။

အဆိုပါ အခမ်းအနားသို့ မြို့နယ်သဘာဝဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုအဖွဲ့ဥက္ကဋ္ဌ ဦးထူးကျော်နှင့် အဖွဲ့ဝင်များ၊ ခရိုင်/မြို့နယ်ကြက်ခြေနီတပ်ဖွဲ့ဝင်များ၊ သင်တန်းသား/သူများ တက်ရောက်ခဲ့ကြ​သည်။ သင်တန်းတွင် နည်းပြအဖြစ် ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ မီးသတ်ဦးစီးဌာန၊ မိုးလေဝသနှင့်ဇလဗေဒညွှန်ကြားရေးမှူးဦးစီးဌာန၊ ကြက်ခြေနီတပ်ဖွဲ့မှ တာဝန်ရှိသူများက သင်တန်းသား/သူ (၃၀) ဦးအား သင်တန်းကာလ ဇွန် ၅ ရက်မှ ၇ ရက်အထိ စာတွေ့လက်တွေ့ ပို့ချသင်ကြားပေးသွားမည်ဖြစ်ကြောင်း သိရသည်။

မင်းသိန်းထွန်း