ကျောက်ဖြူ ဇွန် ၆
ရခိုင်ပြည်နယ်၊ ကျောက်ဖြူခရိုင် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ ဝန်ထမ်းမိသားစုဝင် သား/ သမီးများအား ၂၀၂၄-၂၀၂၅ ပညာသင်နှစ်အတွက် ကျောင်းအသုံးအဆောင်ပစ္စည်းများနှင့် ပညာသင်ထောက်ပံ့ကြေးပေးအပ်ပွဲ အခမ်းအနားကို ယနေ့နံနက်ပိုင်းက အဆိုပါ ဦးစီးဌာနရုံး အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်သည်။
အခမ်းအနားတွင် ကျောက်ဖြူခရိုင် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ ခရိုင်အုပ်ချုပ်ရေးမှူး ဦးနေမင်းသူက အဖွင့်အမှာစကား ပြောကြားသည်။ ထို့နောက် ၂၀၂၄-၂၀၂၅ ပညာသင်နှစ်တွင် တက်ရောက်ကြမည့် ခရိုင်ရုံးမှ ဝန်ထမ်းမိသားစုဝင် သား/သမီးများဖြစ်သည့် အဆင့်မြင့်ပညာ (တက္ကသိုလ်အဆင့်)တွင် တက်ရောက်ကြမည့် ကျောင်းသား/ကျောင်းသူ(၃)ဦး၊ အထက်တန်းအဆင့်တွင် တက်ရောက်ကြမည့် ကျောင်းသား/ကျောင်းသူ(၁)ဦး၊ အလယ်တန်းအဆင့်တွင် တက်ရောက်ကြမည့် ကျောင်းသား/ကျောင်းသူ(၄)ဦးနှင့် မူလတန်းအဆင့်တွင် တက်ရောက်ကြမည့် ကျောင်းသား/ ကျောင်းသူ(၈)ဦးတို့အတွက် ပညာသင်ထောက်ပံ့ငွေနှင့် ကျောင်းအသုံးအဆောင်ပစ္စည်းများဖြစ်သော ဗလာစာအုပ်၊ ခဲတံ၊ ဘောပင်၊ ပေတံ၊ ခဲဖျက်၊ ကွန်ပါဗူး စသော ကျောင်းအသုံးအဆောင်ပစ္စည်းများကို တာဝန်ရှိသူများက ထောက်ပံ့ပေးအပ်ရာ ကျောင်းသား/ ကျောင်းသူများမှ လက်ခံရယူခဲ့ကြပြီး ခရိုင်အုပ်ချုပ်ရေးမှူးမှ နိဂုံးချုပ်အမှာစကား ပြောကြားခဲ့သည်။ ယင်းနောက် ခရိုင်အုပ်ချုပ်ရေးမှူးနှင့် တာဝန်ရှိသူများသည် ကျောင်းတက်ရောက်ကြမည့် ကျောင်းသား၊ ကျောင်းသူများ၊ ၎င်းတို့၏ အုပ်ထိန်းသူ မိ/ဘများနှင့် ရင်းရင်းနှီးနှီးတွေ့ဆုံကာ အားပေးစကားပြောကြားခဲ့သည်။
အဆိုပါအခမ်းအနားသို့ ခရိုင်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ ခရိုင်အုပ်ချုပ်ရေးမှူး ဦးနေမင်းသူ၊ လက်ထောက်ညွှန်ကြားရေးမှူး ဦးအာကာမြင့်၊ ခရိုင်မိသားစုစည်းရုံးရေးနှင့် စည်းကမ်းထိန်းသိမ်းရေးကော်မတီအတွင်းရေးမှူး ဒေါ်ယမင်းထွန်း၊ ခရိုင်ရုံးဝန်ထမ်းများ၊ ကျောင်းသား/ ကျောင်းသူများနှင့် ၎င်းတို့၏ မိသားစုဝင်များ တက်ရောက်ခဲ့ကြောင်း သိရှိရသည်။
တင်ထွန်းဦး၊ ဖြိုးဝေလင်း (ပြန်/ဆက်)