ဘီးလင်း ဇွန် ၆
မွန်ပြည်နယ်၊ ဘီးလင်းမြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန (Community Centre) ခန်းမတွင် ယမန်နေ့မွန်းလွဲ ၁ နာရီက စာပေချစ်သူများအသင်း(Book Club)နှင့် ပညာရေးဌာနတို့ ပူးပေါင်း၍ စာရေးဆရာဒေါက်တာခင်မောင်ညို ရေးသားသည့် “လူငယ်နှင့်အကောင်းဆုံးသောဘဝကိုတည်ဆောက်ခြင်း”စာအုပ်ဖြင့် စာဖတ်ရှိန်မြှင့်တင်ရေး စာဖတ်ဝိုင်းဆွေးနွေးပွဲကို ပြုလုပ်ခဲ့သည်။
ရှေးဦးစွာ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ဦးစီးအရာရှိ ဒေါ်အေးမျိုးမျိုးစံက လူငယ်များ စာဖတ်သည့် အလေ့အကျင့်များရရှိစေရန်၊ စာပေမှတစ်ဆင့် အသိပညာဗဟုသုတများ ရရှိစေရန်အတွက် စာဖတ်ရှိန်မြှင့်တင်ရေး စာဖတ်ဝိုင်းပြုလုပ်ရခြင်းဖြစ်ကြောင်း ရှင်းလင်းပြောကြားခဲ့သည်။
ထို့နောက်(Book Club)အဖွဲ့ဝင် ဦးဝင်းနိုင်ဦးက “အောင်မြင်ဖို့တည်ဆောက်ခြင်းနှင့်အမြင်များ ”ခေါင်းစဉ်ဖြင့်လည်းကောင်း၊ (Youth Club)အဖွဲ့ဝင် ဒေါ်မြတ်နန်းအိမ်က “လူငယ်နှင့်စူးစမ်းလေ့လာမှုများ” ခေါင်းစဉ်ဖြင့်လည်းကောင်း၊ (Youth Club)အဖွဲ့ဝင် ဒေါ်မေသွယ်သွယ်အောင်က “အသုံးကျခြင်းနှင့်နှလုံးလှခြင်း” ခေါင်းစဉ်ဖြင့် လည်းကောင်း ဦးဆောင်ဆွေးနွေးကြပြီး တက်ရောက်လာကြသည့် ကျောင်းသား၊ ကျောင်းသူများက မိမိတို့သိရှိလိုသည့် စာအုပ်ပါအကြောင်းအရာများကို အပြန်အလှန် ဆွေးနွေးခဲ့ကြသည်။
အဆိုပါ စာဖတ်ဝိုင်းဆွေးနွေးပွဲများကို ဆောင်ရွက်ပေးခြင်းဖြင့် လူငယ်၊ လူရွယ်များ၊ စာဖတ်သည့် အလေ့အကျင့်ရှိလာစေရန်၊ စာပေမှရရှိသည့် အသိပညာဖြင့် သူတစ်ပါးအား မျှဝေပေးနိုင်ရန်နှင့် ပူးပေါင်းဆောင်ရွက်တတ်သည့် အလေ့အကျင့်ကောင်းများ ရရှိလာစေရန် ရည်ရွယ်ဆောင်ရွက်ခြင်းဖြစ်ကြောင်း သိရသည်။
မြို့နယ် (ပြန်/ဆက်)