ဗန်းမော်မြို့ ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးအောင်ဇော်လတ် အဆင့်မြင့်ပညာကျောင်းများနှင့် အခြေခံပညာကျောင်းများသို့ လှည့်လည်ကြည့်ရှု

ဗန်းမော် ဇွန် ၆

ကချင်ပြည်နယ်၊ ဗန်းမော်ခရိုင်၊ ဗန်းမော်မြို့၌ ၂၀၂၄-၂၀၂၅ ပညာသင်နှစ်တွင် ဖွင့်လှစ်သင်ကြားနေသော အဆင့်မြင့်ပညာကျောင်းများနှင့် အခြေခံပညာကျောင်းများသို့ ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးအောင်ဇော်လတ်နှင့် အဖွဲ့ဝင်များက ယမန်နေ့ နံနက် ၁၀ နာရီခွဲမှစ၍ လှည့်လည်ကြည့်ရှုအားပေး စကားပြောခဲ့ကြောင်း သိရသည်။

ရှေးဦးစွာ အမှတ် (၂) အခြေခံပညာအထက်တန်းကျောင်းတွင် နယ်မြေအခြေအနေအရ ပြောင်းရွှေ့လာသော မိုးမောက်မြို့နယ်နှင့် မံစီမြို့နယ်တို့မှ ကျောင်းသား၊ ကျောင်းသူများနှင့် ဒေသခံကျောင်းသား၊ ကျောင်းသူများ ဆရာ၊ ဆရာမများထံသို့လည်းကောင်း၊ မံဖာရပ်ကွက်ရှိ နည်းပညာတက္ကသိုလ်မှ ဒုတိယ ပါမောက္ခချုပ် ဒေါက်တာ ဇော်ဝင်းမောင်နှင့် ဆရာ၊ ဆရာမများ၊ ကျောင်းသား၊ ကျောင်းသူများထံသို့ လည်းကောင်း၊ နယ်မြေအခြေအနေအရ ၃-မိုင် ရွှေပြည်သာရပ်ကွက်ရှိ အစိုးရနည်းပညာ အထက်တန်း ကျောင်းတွင် ဖွင့်လှစ်သင်ကြားနေကြသော ကွန်ပျူတာတက္ကသိုလ်မှ ဒုတိယပါမောက္ခချုပ် ဒေါက်တာ တင်မြင့်နိုင်နှင့် ဆရာ၊ ဆရာမများ၊ ကျောင်းသား၊ ကျောင်းသူများထံသို့လည်းကောင်း၊ ညနေ (၃)နာရီတွင် အမှတ် (၁) အခြေခံပညာ အထက်တန်းကျောင်းတွင် ဖွင့်လှစ်သင်ကြားနေသော  ဗန်းမော်တက္ကသိုလ်မှ ပါမောက္ခချုပ်ဒေါက်တာ နေသွယ်ကြည်နှင့် ဆရာ၊ ဆရာမများ၊ ကျောင်းသား၊ ကျောင်းသူများထံသို့ လည်းကောင်း သွားရောက်၍ အားပေးစကားများ ပြောကြားခဲ့ပြီး လိုအပ်သည်များကို ဖြည့်ဆည်း ဆောင်ရွက်ပေးခဲ့ကြောင်းနှင့် အဆိုပါကျောင်းများကို ၃.၆.၂၀၂၄ ရက်နေ့နံနက်ပိုင်းမှ စတင်ဖွင့်လှစ် သင်ကြားနေကြောင်း သိရသည်။

ခရိုင် (ပြန်/ဆက်)