နေပြည်တော် ဇွန် ၆
ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်အတွင်းရှိ မြို့နယ်များသို့ မျိုးစေ့ချကိရိယာ(Seeder)များ ပေးအပ်ပွဲအခမ်းအနားကို ယမန်နေ့ မွန်းလွဲ ၃ နာရီတွင် လယ်ဝေးမြို့နယ်၊ သီရိမင်္ဂလာခန်းမ၌ကျင်းပရာ နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဦးသန်းထွန်းဦး၊ နေပြည်တော်ကောင်စီဝင်များ၊ တိုင်း၊ ခရိုင်၊ မြို့နယ်၊ ဌာနဆိုင်ရာတာဝန်ရှိသူများ၊ ခရိုင်၊ မြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌများ၊ ဖိတ်ကြားထားသည့် ဧည့်သည်တော်များနှင့် သီးနှံစိုက်ပျိုးတောင်သူများ တက်ရောက်ကြသည်။
ဦးစွာ နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဦးသန်းထွန်းဦးက အမှာစကားပြောကြားရာတွင် မိမိတို့နိုင်ငံ၏ အဓိကစီးပွားရေးလုပ်ငန်းမှာ လယ်ယာစိုက်ပျိုးရေးလုပ်ငန်းဖြစ်သည်နှင့်အညီ စုစုပေါင်း လူဦးရေ၏ ၇၀ ရာခိုင်နှုန်းရှိ ကျေးလက်ဒေသနေ တောင်သူများမှာ လယ်ယာလုပ်ငန်းခွင်တွင် လုပ်ကိုင်ကြလျက်ရှိပါကြောင်း၊ စိုက်ပျိုးမွေးမြူရေးကိုအခြေခံသည့် စီးပွားရေးလုပ်ငန်းများကို အဓိကထား ဆောင်ရွက်နေကြကြောင်း၊ စိုက်ပျိုးရေးလုပ်ငန်းများကို ပြည့်ပြည့်ဝဝ ဆောင်ရွက်နိုင်ပါက လယ်ယာ ကဏ္ဍဖွံ့ဖြိုးတိုးတက်နိုင်မှာဖြစ်ကြောင်း၊ လယ်ယာကဏ္ဍကို အပြည့်အဝအကောင်အထည်ဖော်နိုင်မှသာ ပြည်တွင်းစားနပ်ရိက္ခာပေါများလာမည့် အပြင်ပိုလျှံစွာ ထွက်ရှိလာသည့် ထုတ်ကုန်များမှ ပြည်ပ ပို့ကုန်များရရှိပြီး စိုက်ပျိုးရေးလုပ်ငန်းများကို အခြေခံသည့် ပြည်ပဝင်ငွေများရရှိမှာဖြစ်ကြောင်း၊ နေပြည်တော်တွင် အဓိကသီးနှံ(၁၀)မျိုးကို စိုက်ပျိုးထုတ်လုပ်လျက်ရှိပြီး အဓိကသီးနှံများ ပန်းတိုင်အထွက်နှုန်းရရှိရေးအတွက် မျိုး၊ မြေ၊ ရေ၊ နည်း အစရှိသည့် နည်းလမ်းလေးရပ်ကို ဖြည့်ဆည်း ပံ့ပိုးဆောင်ရွက်ပေးလျက်ရှိကြာင်း၊ ၂၀၂၄-၂၀၂၅ ခုနှစ်၊ မိုးစပါး လျာထားဧက (၁၇၂၀၈၆)တွင် ကြဲခင်းပပျောက်စေဖို့အတွက် အခြောက်မျိုးစေ့ချကိရိယာ Seeder ဖြင့် စိုက်ဧက (၂၆၉၆၄)ဧကနှင့် အစို မျိုးစေ့ချကိရိယာ Seeder ဖြင့် (၁၁၂၃၇၄)ဧက လျာထားဆောင်ရွက်လျက် ရှိကြောင်း၊ ယခုနှစ် မိုးစပါးရာသီမှာ အစို/အခြောက် မျိုးစေ့ချကိရိယာ Seeder များဖြင့် အသုံးပြုစိုက်ပျိုးသွားမည်ကို တောင်သူများအနေဖြင့်လည်း လိုက်နာဆောင်ရွက်ကြဖို့ လိုအပ်ပါကြောင်း၊ နိုင်ငံတော်မှတောင်သူများ စိုက်ပျိုးထုတ်လုပ်နေသည့် သီးနှံစိုက်ခင်းများအတွက် အဓိကလိုအပ် လျက်ရှိသည့် သွင်းအားစုများကိုလည်း နိုင်ငံ့စီးပွားမြှင့်တင်ရေး ရန်ပုံငွေမှ မိုးစပါး၊ နွေစပါး၊ ဆီထွက် သီးနှံများအတွက် ကူညီထုတ်ချေး ဆောင်ရွက်ပေးလျက်ရှိကြောင်း၊ ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်အတွင်း သီးနှံစိုက်စွမ်းအား ဖွံ့ဖြိုးတိုးတက်စေရန် သီးထပ်၊ သီးညှပ်သုံးသီးအပြည့် စိုက်ပျိုးနိုင်ရေးအတွက် သက်ဆိုင်ရာဌာနများ၊ အဖွဲ့အစည်းများ၊ တောင်သူများအနေဖြင့် အတူတကွ ဝိုင်းဝန်းကြိုးပမ်းဆောင်ရွက်ကြစေလိုကြောင်းပြောကြားသည်။
ထို့နောက် နေပြည်တော်စိုက်ပျိုးရေးဦးစီးဌာန၊ ညွှန်ကြားရေးမှူး ဦးစန်းလွင်က မျိုးစေ့ချ ကိရိယာ Seeder များ လိုအပ်မှုနှင့် ရရှိမှုအခြေအနေများနှင့် မိုးစပါးစိုက်ပျိုးရာသီတွင် ဆက်လက်ဆောင်ရွက်မည့်အစီအမံများ၊ နေပြည်တော်စက်မှုလယ်ယာဦးစီးဌာန၊ ညွှန်ကြားရေးမှူး ဦးနိုင်ဦးက Seeder ထုတ်လုပ်ပြီးစီးမှုနှင့် ရာသီချိန်အမီရရှိရေး ဆောင်ရွက်မည့် အစီအမံများကို ရှင်းလင်းတင် ပြကြသည်။
ယင်းနောက် နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဦးသန်းထွန်းဦး၊ နေပြည်တော်ကောင်စီဝင်များက တာဝန်ရှိသူများက နေပြည်တော်အတွင်းရှိ မြို့နယ်အလိုက် မျိုးစေ့ချကိရိယာ Seeder များကို ပေးအပ်ရာ သက်ဆိုင်ရာမြို့နယ်များမှ တောင်သူများက လက်ခံရယူကြသည်။
ထို့နောက် နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဦးသန်းထွန်းဦး၊ နေပြည်တော်ကောင်စီဝင်များ၊ တာဝန်ရှိသူများ၊ တောင်သူများနှင့်အတူ မျိုးစေ့ချကိရိယာများအား လှည့်လည်ကြည့်ရှုအားပေးကြသည်။
ယနေ့အခမ်းအနားတွင် သီးနှံစိုက်ပျိုးတောင်သူများအတွက် မျိုးစေ့ချကိရိယာ Seeder များကို လယ်ဝေးမြို့နယ်အတွက် ၉၂ ခု၊ ဒက္ခိဏသီရိမြို့နယ်အတွက် ၁၅ ခု၊ ဇေယျာသီရိမြို့နယ်အတွက် ၁၀ ခု၊ ပုဗ္ဗသီရိမြို့နယ်အတွက် ၁၆ ခု၊ တပ်ကုန်းမြို့နယ်အတွက် ၄၀ ခု၊ စုစုပေါင်း ၁၇၃ ခုပေးအပ်ခဲ့ပြီး မျိုးစေ့ချကိရိယာ Seeder ကို အသုံးပြုခြင်းဖြင့် မျိုးစေ့နှုန်းသက်သာစေခြင်း၊ ရေလိုအပ်မှုနည်းခြင်း၊ ပေါင်းသတ်ဆေး/ပိုးသတ်ဆေးများ ဖြန်းရာတွင် လွယ်ကူခြင်းနှင့် အပင်ပြုစု စောင့်ရှောက်ရေး လုပ်ငန်းများ လွယ်ကူစေ၍ သီးနှံအရည်အသွေးနှင့်အထွက်နှုန်းများ ကောင်းမွန်ကာ ဈေးကွက်ရရှိပြီး ပြည်ပသို့တင်ပို့ရောင်းချနိုင်သည့်အတွက် တောင်သူများ၏တစ်ဦးချင်း ဝင်ငွေများတိုးပွားလာကာ လူမှုစီးပွာဘဝမြင့်မားလာမည်ဖြစ်ကြောင်း သိရသည်။
ဆက်လက်၍ နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဦးသန်းထွန်းဦးနှင့်အဖွဲ့သည် လယ်ဝေးမြို့နယ်၊ အေလာအုပ်စု၊ ရေလည်ကွေ့ကျေးရွာ အလင်းရောင်စာကြည့်တိုက်သို့ ရောက်ရှိပြီး စာကြည့်တိုက်အတွင်း ကျောင်းသား၊ ကျောင်းသူများ စာပေလေ့လာဖတ်ရှုနေမှုကို ကြည့်ရှုအားပေးပြီး စာကြည့် တိုက်အတွက် ငွေပဒေသာပင်နှင့် စာအုပ်များအား ပေးအပ်လှူဒါန်းသည်။
ဆက်လက်၍ နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဦးသန်းထွန်းဦးနှင့်အဖွဲ့သည် အေလာအုပ်စု၊ ကွင်းအမှတ်(၁၇၃၅)ရှိ ၂၀၂၃-၂၀၂၄ လယ်ဝေးမြို့နယ်၊ အေလာယာယီရေထိန်းဆည်မှ လျှပ်စစ်ရေတင်စနစ်ဖြင့် နွေနှမ်း ၁၆၃ ဧကစိုက်ခင်းတွင် နွေနှမ်းများ အောင်မြင်ဖြစ်ထွန်းနေမှုကို ကြည့်ရှုအားပေးပြီး လိုအပ်သည်များကို တာဝန်ရှိသူများအား မှာကြားသည်။
ဆက်လက်၍ နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဦးသန်းထွန်းဦးနှင့်အဖွဲ့သည် အေလာအုပ်စု၊ ရွာမရပ်ရှိ နေမျိုးထွန်း ပဲမျိုးစုံ ခြွေလှေ့စက်ထုတ်လုပ်ရေးလုပ်ငန်းတွင် စပါးမျိုးစေ့ချကိရိယာများ ထုတ်လုပ် နေမှုကို သွားရောက်ကြည့်ရှုအားပေးသည်။
ထိုမှတစ်ဆင့် နေပြည်တော်ကောင်စီဥက္ကဋ္ဌနှင့်အဖွဲ့သည် ဝက္ကမူကျေးရွာ ရွှေမူရောင်ခြည်ဦး စာကြည့်တိုက်သို့ သွားရောက်ကြည့်ရှုအားပေးပြီး လိုအပ်သည်များကို တာဝန်ရှိသူများအား မှာကြားသည်။
ထွန်းထွန်းဝင်း(ပြန်/ဆက်)