အစိုးရနည်းပညာအထက်တန်းကျောင်း(ကျောက်ဆည်)တွင် စာဖတ်ရှိန်မြှင့်တင်ရေး စာပေဟောပြောပွဲအခမ်းအနားကျင်းပ

ကျောက်ဆည် ဇွန် ၆

မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ အစိုးရနည်းပညာအထက်တန်းကျောင်း (ကျောက်ဆည်)နှင့် မြို့နယ်စာရေးဆရာအသင်းတို့ ပူးပေါင်း၍ စာဖတ်ရှိန်မြှင့်တင်ရေး စာပေဟောပြောပွဲအခမ်းအနားကို ယနေ့မွန်းလွဲ(၁)နာရီက အစိုးရနည်းပညာအထက်တန်းကျောင်း (ကျောက်ဆည်) စုဝေးခန်းမတွင် ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။

ရှေးဦးစွာ အစိုးရနည်းပညာအထက်တန်းကျောင်း(ကျောက်ဆည်)မှ ကျောင်းအုပ်ဆရာမကြီး ဒေါက်တာဇာနည်ထွန်းက စာရေးဆရာများမှ သူတို့ကြုံတွေ့ခဲ့သည့် ဘဝအတွေ့အကြုံများနှင့် အသိပညာများကိုမျှဝေပြီး ကျောင်းသား၊ ကျောင်းသူများအား ခေတ်မှီဖွံ့ဖြိုးတိုးတက်သော နည်းပညာများ ရှာဖွေသုံးစွဲတတ်စေရေး၊ မိတ်ကောင်းဆွေကောင်းများ ရှာဖွေပေါင်းသင်းတတ်စေရေးနှင့် ကျောက်ဆည်မြို့နယ် စာရေးဆရာအသင်းဥက္ကဋ္ဌ ကာတွန်းဖောင်းဖောင်းက မိမိတို့ရွေးချယ်ထားသော ရည်ရွယ်ချက်များကို ခရီးအဆုံးထိလျှောက်လှမ်းပြီး အောင်မြင်သူများဖြစ်အောင် ကြိုးစားသွားကြစေလိုကြောင်း အမှာစကားများ ပြောကြားခဲ့သည်။

ထို့နောက် ကျောက်ဆည်ခရိုင် ပြန်ကြား‌ရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်တင်တင်ထွေးက ကျောင်းသား၊ ကျောင်းသူများ အသိပညာ၊ အတွေးအခေါ်များမြင့်မားပြီး ဗလငါးတန်ဖွံ့ဖြိုးတိုးတက်စေရန်အတွက် စာဖတ်ရှိန်မြှင့်တင်ရေးစာပေဟောပြောပွဲ ကျင်းပပြုလုပ်ရခြင်းဖြစ်ကြောင်း ရှင်းလင်းပြောကြားခဲ့ပြီး ကျောက်ဆည်မြို့နယ် စာရေးဆရာအသင်းနာယက စာရေးဆရာ စိုးမြင့်ဒွဏ်း(အာယုဗ္ဗေဒ)က “သည်းခံစိတ်ထားအကျိုးများ” ခေါင်းစဉ်ဖြင့်လည်းကောင်း၊ ကျောက်ဆည်ခရိုင် လူမှုဝန်ထမ်းဦးစီးမှုးရုံးမှ ဒုတိယညွှန်ကြားရေးမှူး ဒေါ်သန်းသန်းစိုးက “ကလေးသူငယ်အခွင့်အရေးဆိုင်ရာ ဥပဒေအကြောင်း” ခေါင်းစဉ်ဖြင့်လည်းကောင်း၊ မြို့နယ်စာရေးဆရာအသင်းအဖွဲ့ဝင် စာရေးဆရာမ သီတဂူ ကျောက်ဆည်က “လူငယ်နှင့်စာပေ” ခေါင်းစဉ်ဖြင့်လည်းကောင်း အသီးသီးဟောပြောဆွေးနွေးခဲ့ပြီး စုပေါင်းမှတ်တမ်းဓာတ်ပုံများ ရိုက်ကူးခဲ့ကြောင်းနှင့် ဟောပြောပွဲအပြီးတွင် ကျောင်းသား/ ကျောင်းသူများက ခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ခင်းကျင်းပြသထားသော သုတ၊ရသစာအုပ်များကို စိတ်ပါဝင်စားစွာ ဖတ်ရှုလေ့လာခဲ့ကြောင်း သိရှိရသည်။

သက်မောင်