မြစ်သားမြို့နယ်နှင့် ကူမဲမြို့အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ ဝန်ထမ်းသား/သမီးများအား ၂၀၂၄-၂၀၂၅ ပညာသင်နှစ်အတွက် ပညာသင်ထောက်ပံ့မှုပေးအပ်ပွဲ အခမ်းအနားကျင်းပ

မြစ်သား ဇွန် ၆

မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင်၊ မြစ်သားမြို့နယ်နှင့် ကူမဲမြို့ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနတို့မှ ဝန်ထမ်းသား/သမီးများအား ၂၀၂၄-၂၀၂၅ ပညာသင်နှစ်အတွက် ပညာသင်ထောက်ပံ့မှု ပေးအပ်ပွဲအခမ်းအနားကို ယမန်နေ့ နံနက်ပိုင်းက အဆိုပါရုံး အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ခဲ့ သည်။

ရှေးဦးစွာ မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန မြို့နယ်အုပ်ချုပ်ရေးမှူး ဦးအေးခိုင်မှအဖွင့်အမှာစကား ပြောကြားရာတွင် မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရှိ ဝန်ထမ်းမိသားစုများမှ သား/သမီး များ ၂၀၂၄-၂၀၂၅ ပညာသင်နှစ်တွင် တက်ရောက်ပညာသင်ကြားရာတွင် ထူးချွန်ထက်မြက်သည့် ပညာ တတ် လူငယ်များဖြစ်ထွန်း  ပေါ်ပေါက်လာစေရေးအတွက် မိဘများမှ အကောင်းဆုံးကြိုးစား၍ ပြုစု ပျိုးထောင်ပေးကြစေလိုကြောင်း၊ မိမိတို့ဌာနအနေဖြင့်ဝန်ထမ်းများ၏ သားသမီးများပညာရည်မြင့်မား တိုးတက်စေရေးအတွက် စဥ်ဆက်မပြတ်ဆက်လက်၍ ထောက်ပံ့ပေးအပ်သွားမည်ဖြစ်ကြောင်း ပြောကြားခဲ့သည်။

ထို့နောက် ၂၀၂၄-၂၀၂၅ ပညာသင်နှစ်အတွက် ပညာသင်ထောက်ပံ့ပေးအပ်ရာတွင် တက္ကသိုလ်အဆင့် (၆) ဦး၊ အထက်တန်းအဆင့် ကျောင်းသား/ကျောင်းသူ (၁၁)ဦး၊ အလယ်တန်းအဆင့် ကျောင်းသား၊ ကျောင်းသူ (၁၀) ဦး၊ မူလတန်းအဆင့်နှင့် မူကြိုကျောင်းသား/ကျောင်းသူ (၃၆)ဦး စုစုပေါင်း ကျောင်းသား၊ ကျောင်းသူ (၆၃)ဦးအား ကျောင်းသုံးစာရေးကိရိယာ၊ ဗလာစာအုပ်၊ ခဲတံ၊ ဘောပင်၊ ပေတံ၊ ခဲဖျက်၊ ထမင်းဘူး၊ ရေဘူး၊ ကျောင်းလွယ်အိတ်များစသည့် ကျောင်းသုံးကိရိယာများ စုစုပေါင်းတန်ဖိုး (၁၀၀၀၀၀၀) ကျပ် ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သိရသည်။

အဆိုပါ ထောက်ပံ့ပေးအပ်ပွဲ အခမ်းအနားသို့ မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန မြို့နယ်အုပ်ချုပ်ရေးမှူး ဦးအေးခိုင်၊ ဒုတိယမြို့နယ်အုပ်ချုပ်ရေးမှူး ဦးရှိန်းသူ၊ ကူမဲမြို့ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန မြို့အုပ်ချုပ်ရေးမှူး ဦးနိုင်ဇော်၊ မိခင်နှင့်ကလေးစောင့်ရှောက်ရေးအဖွဲ့၊ မြို့နယ်အမျိုးသမီးရေးရာအဖွဲ့ဝင်များ၊ မြို့နယ်မိသားစုစည်းရုံးရေးနှင့် စည်းကမ်းထိန်းသိမ်းရေးကော်မတီအဖွဲ့ဝင်များ၊ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ ဝန်ထမ်းများနှင့် ကျောင်းသား/ကျောင်းသူများ စုစုပေါင်း (၇၀)ဦး တက်ရောက်ခဲ့ကြောင်း သိရသည်။

ဝါဝါမြင့်(မြစ်သား)