မြစ်သား ဇွန် ၅
မန္တလေးတိုင်းဒေသကြီး၊ မြစ်သားမြို့နယ် ခန္တောကျေးရွာအုပ်စု ကွင်းအမှတ် (၅၃၁/ခ)၊ ဦးပိုင်အမှတ် (၁၇/၂) ရှိ တောင်သူဦးဌေးကြိုင်၏ နွေစပါး GW11 စိုက်စနစ်စံပြကွက် (၁၀) ဧကစိုက်ကွင်းအား တိုင်းစိုက်ပျိုးရေးဦးစီးဌာန တိုင်းဒေသကြီးဦးစီးမှူး ဦးဝင်းထိန်နှင့် ခရိုင်စိုက်ပျိုးရေးဦးစီးဌာန ခရိုင်ဦးစီးမှူး ဦးချစ်ဆွေဦးတို့သည် ယမန်နေ့ နံနက်ပိုင်းက ကွင်းဆင်းစစ်ဆေးကြည့်ရှုခဲ့သည်။
ရှေးဦးစွာ တိုင်းစိုက်ပျိုးရေးဦးစီးဌာန တိုင်းဒေသကြီးဦးစီးမှူး ဦးဝင်းထိန်က သိပ္ပံနည်းကျစိုက်ပျိုးနည်းစနစ်များကို တောင်သူလက်ဝယ်အရောက် အနီးကပ်ပညာပေး ဆောင်ရွက်ရမှာဖြစ်ကြောင်း စိုက်ပျိုးရေးဦးစီးဌာနအနေဖြင့် ယခုခတ်တွင် တိုးတက်နေသော IT နည်းပညာစနစ်ဖြင့် တောင်သူများအား ပညာပေးဆောင်ရွက်ရန်အတွက် နည်းလမ်းတစ်ခုရှိကြောင်း အထူးသဖြင့် သီးနှံစိုက်ပျိုးထုတ်လုပ်ရာတွင် မျိုးကောင်းမျိုးသန့်သုံးစွဲရေးကို အထူးအလေးထားပညာပေး ဆောင်ရွက်ရန်လိုအပ်ကြောင်း မြို့နယ်ဦးစီးမှူးနှင့် ဝန်ထမ်းများအား လမ်းညွှန်မှာကြားခဲ့သည်။
အဆိုပါ မြစ်သားမြို့နယ် စိုက်ပျိုးရေးဦးစီးဌာနရုံးတွင် မြို့နယ်ဦးစီးမှူး ဦးမောင်မောင်ငြိမ်းက တိုင်းဒေသကြီးဦးစီးမှူး၏ လမ်းညွှန်မှာကြားချက်များအပေါ် အလေးထားဆောင်ရွက်သွားမည်ဖြစ်ကြောင်း၊ ကွင်းတာဝန်ခံ ဝန်ထမ်းများနှင့် ဆက်စပ်ဌာနဆိုင်ရာများ ပေါင်းစပ်ညှိနှိုင်းပြီး စိုက်ဧကပြည့်မီရေး၊ ပန်းတိုင်အထွက်နှုန်းရရှိရေး၊ ဆီထွက်သီးနှံအထူးဇုန်များ အောင်မြင်စွာအကောင်အထည်ဖော် ဆောင်ရွက်သွားမည့် အခြေအနေများကို ရှင်းလင်းပြောကြားခဲ့သည်။
သီတာအောင်(မြစ်သား)