လွိုင်လင်မြို့တွင် ဥပ္ပါတသန္တိကျမ်းမြတ်ပူဇော်ပွဲ ကျင်းပ

လွိုင်လင် ဇွန် ၆

ရှမ်းပြည်နယ်(တောင်ပိုင်း) လွိုင်လင်မြို့တွင် ဥပ္ပါတသန္တိကျမ်းမြတ်ရွတ်ဖတ်ပူဇော်ပွဲကို ယနေ့နံနက် (၅) နာရီက မြို့လယ်ဓမ္မာရုံ သာသနာ့ဗိမာန်၌ကျင်းပရာ လွိုင်လင်တပ်နယ်မှူး၊ ခရိုင်/မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌများ၊ ဌာနဆိုင်ရာအကြီးအကဲများ၊ ဂေါပကအဖွဲ့များ တက်ရောက်ကြည်ညိုခဲ့ကြကြောင်း သိရသည်။

ရှေးဦးစွာ နံနက် (၅) နာရီတွင် လွိုင်လင်မြို့ဓာတ်တော်ကျောင်းတိုက်ဦးစီးပဓာန နာယကဆရာတော် ဘဒ္ဒန္တ ဒေါက်တာပညာနန္ဒ (အဂ္ဂမဟာပဏ္ဍိတ)နှင့် မြို့ပေါ်ကျောင်းတိုက်များမှ ဆရာတော်များ စုစုပေါင်း (၁၈) ပါးတို့က ဗုဒ္ဓဘိသေက အနေကဇာတင်လှူခြင်း၊ ဆွမ်း၊ ခဲဘွယ်၊ ပန်း၊ ဆီမီး၊ ရေချမ်းများကိုဆက်ကပ်ခြင်း၊ ဘုရားကန်တော့ခြင်းများ ဆောင်ရွက်ကြသည်။ ထို့နောက် ဆရာတော်၊ သံဃာတော်များကို အာရုံဆွမ်းဆက်ကပ်သည်။ ဆက်လက်၍ ဥပ္ပါတသန္တိကျမ်းမြတ်ပူဇော်ပွဲကိုကျင်းပရာ ဦးစွာ နမောတဿသုံးကြိမ်ရွတ်ဆို၍ အခမ်းအနားဖွင့်လှစ်ခဲ့ကြောင်း သိရသည်။ ထို့နောက် စိန်ရောင်ခြည်ဘုရားပင့်ဂါထာဖြင့် ပူဇော်ပြီးနောက် ဥပ္ပါတသန္တိကျမ်းမြတ်နာကြားရန် နတ်၊ ဗြဟ္မာများ ပင့်ဖိတ်ပြီးနောက် ဓာတ်တော်ကျောင်းတိုက်ဆရာတော်ထံမှ ငါးပါးသီလခံယူဆောက်တည်ကြကာ ဆရာတော် သံဃာတော်အရှတ်သူမြတ်များ ရွတ်ပွားသော ပရိတ်တရားတော်များ နာကြားကြသည်။ ဆက်လက်၍ ဥပ္ပါတသန္တိကျမ်းကို အလှည့်ကျ ဘာဏကဆရာတော်မှ စတင်ရွတ်ဖတ်ပူဇော်ကြသည်။

အဆိုပါ ဥပ္ပါတသန္တိကျမ်းမြတ်ကို ယနေ့မှစ၍ ဇွန်လ ၁၀ ရက်နေ့အထိ ရွတ်ဖတ်ပူဇော်သွားမည်ဖြစ်ကြောင်း သိရသည်။

လွိုင်လင်မိုး (‌ခရိုင်၊ ပြန်/ဆက်)